Home
မြန်မာသတင်း
ကရင်နီ၊ ဘောလခဲက စခန်းကုန်းတခုကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်
DVB
·
April 1, 2025

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဝမ်မလန်းစခန်းကုန်းကို မတ်လ ၂၈ ရက်က စတင်တိုက်ခိုက်ပြီး ၃၀ ရက်မှာတော့ စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာသွားတယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ကရင်နီပူးပေါင်းတပ်က မတ် ၂၈ ရက် မနက် ၆ နာရီ ကနေ ၈ နာရီကြားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်ဆုတ်ခွာကာ ၃၀ ရက်နေ့မှာ ပြန်လည်တိုက်ခိုက်ဖို့ သွားချိန် စစ်ကောင်စီတပ်က စခန်းကို စွန့်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က " သူတို့က ည ခိုးထွက်တော့ ဖမ်းမိတာတော့ မရှိဘူး။ သေတဲ့အလောင်း ၄ လောင်းကတော့ ၃၀ ရက်နေ့ မနက် တက်ရှင်းတဲ့အချိန်တွေ့တယ်။ လက်နက်ခဲယမ်း မီးကျောက် အကြွင်းအကျန်တချို့တော့ရပါတယ်။ ဝမ်မလန်းက အရင်တုန်းက BGF နေတယ်"လို့ ပြောပါတယ်။

ဝမ်မလန်းစခန်းကုန်းက ဘောလခဲကနေ ၉ မိုင်ကွာဝေးပြီး ၁၂ မိုင်ကွာဝေးတဲ့စခန်းကိုတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ်ထဲမှာ သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

ဝမ်မလန်းစခန်းကို ကရင်နီပူးပေါင်းတပ်က တနှစ်ကျော်ကြာ တိုက်ခိုက်နေခဲ့ပြီး မတ်လ ၂၈ ရက်နေ့တိုက်ခိုက်မှုမှာတော့ သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ ထွက်ပြေးတာတွေရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က "ဘောလခဲနဲ့ ရွာသစ်ကြားက ကာကင်းစခန်းကုန်းပါ။ ဘောလခဲရဲ့ အဓိက ကာကင်းကုန်းပါ။ အဲ့ကုန်းက ဗျူဟာတော်တော်ကျလို့ တိုက်ရမလွယ်ဘဲ ခုမှရတာ"လို့ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဘောလခဲက စစ်ကောင်စီစခန်းငယ် ၃ ခုကို ကရင်နီပူးပေါင်းတပ်တွေက သိမ်းဆည်းထားနိုင်ခဲ့ပြီး ဘောလခဲမှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၃၇၊ ခမရ ၄၂၉ ၊ ခမရ ၄၃၀ တို့ ကျန်ရှိနေသေးတယ်လို့ ဗိုလ်မှူးဘုန်းနိုင်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013