
ရန်သူဟာ ရန်သူပီပီသသ အလုပ်လုပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်း တက်ညီလက်ညီနဲ့ ဒီအခြေအနေတွေကို ကျော်လွှားနိုင်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
မတ် ၂၆ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာပြောတာဖြစ်ပြီး အခက်အခဲတွေကြားက ရုန်းကန်တောင့်ခံပြီး ပြည်တွေအတွက် သတင်းအချက်အလက်မှန်တွေ တင်ပြပေးနေတဲ့ သတင်းမီဒီယာတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ရန်သူဟာ ရန်သူပီပီသသ အလုပ်လုပ်နေတာမို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက စုစုစည်းစည်း တက်ညီလက်ညီနဲ့ ဒီအခြေအနေတွေကို ကျော်လွှားနိုင်အောင်လုပ်ဖို့လည်း အရေးတကြီးလိုအပ်နေပြီဆိုတာကို နားလည် သဘောပေါက်ကြဖို့လိုမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း အင်အားကြီးနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေးအလှုပ်အခတ်တွေကလည်း ကျနော်တို့တော်လှန်ရေးအပေါ် သက်ရောက်မှုတွေ ရှိနေပြန်တာဖြစ်ပါတယ်။ အခုဆိုရင် US ရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်လိုက်တာကြောင့် တချို့သော မီဒီယာကြီးတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ ကြားသိရပါတယ်။ ဒါဟာ သတင်းမီဒီယာကဏ္ဍအတွက် အတော်လေးထိခိုက်မှုရှိသွားပြီး ကျနော်တို့ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေအပေါ်လည်း အများကြီး ထိခိုက်သွားတာဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းဌာနတွေကနေ အကျိုးရှိတဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန်မရရှိတော့ခြင်းဟာ ကျနော်တို့လို တော်လှန်ရေးဆင်နွှဲနေတဲ့နိုင်ငံငယ်တွေအဖို့ တဘက်မှာ အာဏာရှင်တွေရဲ့ အကြိုက်ဖြစ်သွားစေတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အခက်အခဲတွေ ကြားက ရုန်းကန်တောင့်ခံပြီး ပြည်တွေအတွက် သတင်းအချက်အလက်မှန်တွေ အချိန်နဲ့တပြေးညီ တင်ပြပေးနေတဲ့ ပြည်သူ့ဘက်တော်သား သတင်းမီဒီယာများကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားရင်း အားပေးလိုပါတယ်” လို့ ပြောပါတယ်။
NUG အစိုးရအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်ထဲမှာ ပြောထားတဲ့အတိုင်း ဒေသဆိုင်ရာတိုင်းရင်းသားမီဒီယာတွေ အပါအဝင် လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး ဆက်လက်အားပေးထောက်ခံသွားရမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုတွေနဲ့ တော်လှန်ရေးအခြေအနေတွေကို ပြည်သူတွေ ပိုသိရှိနိုင်ဖို့အတွက် သတင်းမီဒီယာတွေနဲ့ ပိုပြီး ချိတ်ဆက်ဆောင်ရွက်ကြဖို့လည်း မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒီရက်တွေထဲမှာ NUG အနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍနဲ့ပတ်သက်ပြီး ပိုအားစိုက်နေသလို တော်လှန်ရေးရဲ့အနေအထားတခုကို ရောက်လာပြီဖြစ်တာကြောင့် တချို့တိုင်းဒေသတွေ၊ ဖက်ဒရယ်ယူနစ်တွေအနေနဲ့ တိုင်းဒေသအစိုးရ ဒါမှမဟုတ် ဖက်ဒရယ်ယူနစ်အစိုးရတွေ ပေါ်ပေါက်လာနိုင်ရေးအတွက် အားစိုက်ပြင်ဆင်နေကြတာတွေရှိတယ်လို့လည်း ပြောပါတယ်။
အုပ်ချုပ်ရေးယန္တရားတွေ ထူထောင်နိုင်ရေးဟာလည်း အသွင်ကူးပြောင်းရေးကာလကို ရောက်ရင် အင်မတန်အရေးတကြီး ဦးစားပေးလုပ်ကြရမယ့် အလုပ်ဖြစ်လို့ သေချာပြင်ဆင်နိုင်ကြမယ်ဆိုရင် အလွန်ကောင်းမွန်ပြီး တဘက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့တွေ အားလုံးပြင်ဆင်နေကြတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ လုပ်ငန်းစဉ်ကိုလည်း တွန်းတွန်းတိုက်တိုက်နဲ့ သွားနိုင်ဖို့လိုမယ်လို့ ဆက်ပြောပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလကလည်း နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး တရပ်ဖြစ်တာကြောင့် လူထုရဲ့ ယုံကြည်သက်ဝင်မှုဟာ အင်မတန်အရေးကြီးပြီး တော်လှန်ရေး အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာကလည်း NUG လို ဦးဆောင်ဦးရွက်ပြုနေသူတွေရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေ၊ အမြော်အမြင်တွေအပေါ်မှာ မူတည်နေတာတွေရှိတယ်လို့ ပြောပါတယ်။
“အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ တခြားဝန်ကြီးတွေဟာ မြေပြင်မှာ လူထုနဲ့တသားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲဒီလို တွေ့မြင်ရလို့လည်း ကျနော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြုလာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေရင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ကျနော်တို့ စုဖွဲ့မှု အားကောင်းလာလေလေ ကျနော်တို့ NUG အပေါ် အားတက်ယုံကြည်မှုတွေ ပိုမိုတိုးလာမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျနော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှု တွေဟာ သုံးလေးငါးရက် ခရီးသွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့အင်အားတွေ တည်ဆောက်နိုင်ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး” လို့ ပြောပါတယ်။
နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်တခုလုံးကို ချေမှုန်းသုတ်သင်နိုင်ဖို့ ဆိုတာမှာ တော်ရုံဇွဲသတ္တိနဲ့ မရသလို၊ တော်ရုံအားထုတ်မှုမျိုးနဲ့လည်း မရနိုင်ဘူးလို့လည်း ယာယီသမ္မတက ပြောပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာက ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းမယ့် ကိစ္စကို တင်ပြဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။