Home
မြန်မာသတင်း
အကြမ်းဖက်မှုများ စစ်ကောင်စီ တိုးလုပ်လာဟု NUG နှင့် EU အသီးသီး ထုတ်ပြန်
DVB
·
March 20, 2025

အာဏာသိမ်းစစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ကျူးလွန်လာနေတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဥရောပသမဂ္ဂ (EU) တို့က မတ် ၁၉ ရက်မှာ အသီးသီး ထုတ်ပြန်ထားပါတယ်။

EU ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်ပြမှုအပေါ်  ကျေးဇူးတင်ရှိကြောင်းနဲ့ အဓိကအားဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ချိုးဖောက်မှုတွေ အားလုံးအတွက် တာဝန်ခံမှုရှိစေဖို့ အာမခံချက်ရှိရမယ်လို့ ပြောလိုက်တာပါ။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ မှာ ကြေညာထားတဲ့အတိုင်း စစ်တပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ အတွက်လည်း တောင်းဆိုထားတာပါ။

လက်ရှိအခြေအနေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ မဖြစ်နိုင်သလို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ မပါဘဲနဲ့ လုံး၀မဖြစ်နိုင်ဘူးလို့ သဘောတူတဲ့အကြောင်းလည်း EU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆက်လက်မြင့်တက်နေပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေလည်း ပိုမိုပျက်စီးဆုံးရှုံးလာတာကြောင့် မြန်မာပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေခံမူတွေကို ထိန်းသိမ်းဖို့အတွက် ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်ချက်တွေကို အရေးတကြီး လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက ယူကရိန်းအရေးအပေါ်သာ ဆက်ရှိနေချိန်မှာ အာဆီယံ အနေနဲ့ မြန်မာနိုင်ငံက ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဦးဆောင်ပြီးတော့ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ အခွင့်အလမ်းတရပ် ရှိနေတယ်လို့ ပြောထားသလို အာဆီယံ ပဋိညာဉ်စာတမ်း လုပ်ပိုင်ခွင့်တွေအရ အာဆီယံက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ အာဆီယံအဖွဲ့အနေနဲ့ အခုအချိန်မှာ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်တရပ်ကို ပံ့ပိုးကူညီပေးနိုင်ဖို့ တိကျပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ရဲရင့်ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် မလေးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုအောက်မှာ အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့လည်း NUG အစိုးရက တိုက်တွန်းထားပါတယ်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်အထိ အကြမ်းဖက် စစ်အုပ်စုက အရပ်သားပြည်သူဆိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၂,၁၉၀ မှု ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၃၇၂ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်မှုနဲ့ ကလေးသူငယ်တွေအပေါ် ထိခိုက်သေကျေစေမှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်သလို အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို ကာကွယ်ပေးရမယ့် အချက်တွေကို ကျူးလွန်ဖောက်ဖျက်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013