Home
နိုင်ငံတကာ
EU ပိတ်ဆို့အရေးယူမှုများအတွက် ဘယ်လ်ဂျီယံကို ရဝမ်ဒါ အပြစ်တင်
DVB
·
March 20, 2025
photo:Reuters

ရဝမ်ဒါနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောသမဂ္ဂ (EU) ပိတ်ဆို့မှုတွေအတွက် ဘယ်လ်ဂျီယံနိုင်ငံမှာ တာဝန်ရှိတယ်လို့ ရဝမ်ဒါအစိုးရရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ အာလိန်း မူကူရာလင်ဒါက ပြောကြားခဲ့ပြီး ကီဂါလီအစိုးရဟာ ဘရပ်ဆဲလ်နဲ့ သံတမန်ဆက်ဆံရေးကို တရားဝင်ဖြတ်တောက်ခဲ့ပါတယ်။

ဥရောပသမဂ္ဂဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ ရဝမ်ဒါ ကျောထောက်နောက်ခံပြု ပုန်ကန်မှုနဲ့ပတ်သက်ပြီး မကြာသေးခင်ကပဲ လူပုဂ္ဂိုလ် ၉ ယောက်နဲ့ ရွှေသန့်စင်စက်ရုံကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ ကွန်ဂိုအရှေ့ပိုင်း ပဋိပက္ခမှာ ဘယ်လ်ဂျီယံဟာ ကြားနေဖြစ်မယ်လို့ ရဝမ်ဒါက မျှော်လင့်ထားကြောင်း မူကူရာလင်ဒါက ဆိုပါတယ်။

ဘယ်လ်ဂျီယံကလည်း ရဝမ်ဒါသံတမန်တွေကို လက်မခံနိုင်စရာ ပုဂ္ဂိုလ်တွေအဖြစ် ကြေညာလိုက်ပြီး ဘယ်လ်ဂျီယံ နယ်မြေကနေ ထိထိရောက်ရောက် နှင်ထုတ်ကာ လက်တုံ့ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကွန်ဂိုအရှေ့ပိုင်းမှာ နှစ်ပေါင်း ၂၀ ကျော် တိုက်ခိုက်နေတဲ့ တွတ်စီမျိုးနွယ်စု ဦးဆောင်တဲ့ M23 သူပုန်အဖွဲ့ကို ရဝမ်ဒါက လက်နက်တပ်ဆင်ပေးပြီးတော့ ပံ့ပိုးကူညီနေတယ်လို့ စွပ်စွဲထားပါတယ်။

ရဝမ်ဒါကလည်း ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့တပ်ဖွဲ့တွေဟာ ကွန်ဂိုစစ်တပ်နဲ့ ကီဂါလီကို ရန်လိုတဲ့ ပြည်သူ့စစ်တွေကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013