Home
ဆောင်းပါး
Article 33 (သို့) စစ်ကောင်စီအတွက် ချိန်ကိုက်ဗုံး
DVB
·
March 20, 2025

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံကို Article 33 (ပုဒ်မ ၃၃) နဲ့ အရေးယူပေးဖို့ ဆိုတဲ့ တောင်းဆိုသံတွေဟာ ပြည်တွင်း၊ ပြည်ပမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

အဲဒီတောင်းဆိုမှုတွေ ခပ်စိပ်စိပ် လုပ်နေချိန်မှာပဲ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ILO အုပ်ချုပ်မှုအဖွဲ့ရဲ့ ၃၅၃ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်နေပါတယ်။ အဲဒီအစည်းအဝေးမှာ ILO အဖွဲ့ဝင်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တရပ်ချဖို့ ရှိနေတာပါ။

အဲဒါကတော့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ ၊ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို မြန်မာနိုင်ငံက ချိုးဖောက်နေတယ်ဆိုတဲ့ ILO က စုံစမ်းတွေ့ရှိခဲ့တာကြောင့် Article 33 အရ အပြစ်ပေး အရေးယူဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က “စစ်အုပ်စုအနေနဲ့ ဒီအရေးယူမူကို မလွှဲမရှောင်သာဘဲ ခံရမှာဖြစ်ပါတယ်။ ထိရောက်တဲ့ အရေးယူမှု ဖြစ်ဖို့အတွက်ကိုတော့ အားလုံးက မျှော်လင့်ထားကြတယ်” လို့ ILO ယန္တရားမှတဆင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ဖြိုချရေး စကားဝိုင်းမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ILO ပြဋ္ဌာန်းချက်အမှတ် ILO ပြဋ္ဌာန်းချက် အမှတ် ၂၉ နဲ့ ၈၇ တို့ ချိုးဖောက်နေတာကို အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က တွေ့ရှိခဲ့တာဖြစ်ပြီး ဖြေရှင်းဖို့နဲ့ ပြုပြင်ဖို့ အချိန်ပေးခဲ့ပေမဲ့ စစ်ကောင်စီက ဆက်လက်ကျူးလွန်နေတာကြောင့် နောက်ဆုံး အဆင့်အမြင့်ဆုံး အရေးယူတဲ့အနေနဲ့ Article 33 ကျင့်သုံးဖို့ ဖြစ်လာတာပါ။

မြန်မာနိုင်ငံအနေနဲ့ Article 33 နဲ့ အရေးယူခံရတာက ပထမဆုံးမဟုတ်ဘဲ ၂၀၀၀ ပြည့်နှစ်တုန်း ကလည်း အလားတူ အရေးယူခံရတဲ့သာဓက ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက ၁၉၄၈ မှာ ILO အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး အဲဒီအဖွဲ့ရဲ့ ပြဋ္ဌာန်းချက် ၁၉၁ ချက် ရှိတဲ့ထဲက ပြဋ္ဌာန်းချက် ၁၉ ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။

ဒါပေမဲ့ စစ်အစိုးရလက်ထက် ၁၉၉၇ မှာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ဖြစ်တဲ့ အဓမ္မခိုင်းစေမှု ကျူးလွန်နေတယ်လို့ COI က စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ Article 33 နဲ့ အရေးယူခံခဲ့ရပါတယ်။

ILO အဖွဲ့ဝင်နိုင်ငံတွေက အလုံးစုံပိတ်ဆို့အရေးယူတာအပြင် စစ်အုပ်စုကို အစိုးရတရပ်အနေနဲ့ အသိအမှတ်မပြုတဲ့ အရေးယူတဲ့ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အရပ်သားတပိုင်းအစိုးရ တက်လာတဲ့ ၂၀၁၂ ကျမှ ပြုပြင်ပြောင်းလဲမှု လုပ်ပြနိုင်ခဲ့လို့ ချမှတ်ကန့်သတ်ထားတဲ့ အရေးယူမှု အားလုံးကို ပယ်ဖျက်ပေးခဲ့ပါတယ်။

အဲဒီလို ပယ်ဖျက်ပေးခံရပြီး ဆယ်စုနှစ်ကျော်ကျော်မှာပဲ စစ်အုပ်စုက တကျော့ပြန် အာဏာသိမ်းပြီးနောက် Article 33 နဲ့ ထပ်ပြီး အရေးယူခံရဖို့ရှိလာကာ ILO အဖွဲ့ဝင်နိုင်ငံတွေထဲ အများဆုံး အရေးယူခံရတဲ့နိုင်ငံအဖြစ် မှတ်တမ်းဆိုး ဖြစ်လာစေပါတယ်။

Article 33 အရ အရေးယူမယ်ဆိုရင် အရင်ကျင့်သုံးခဲ့တဲ့မူတွေအရ ILO အဖွဲ့ဝင်နိုင်ငံတွေကနေ အလုံးစုံပိတ်ဆို့တာ၊ အစိုးရတရပ်အနေနဲ့ အသိအမှတ်မပြုတာမျိုး ထပ်ဖြစ်လာဖို့ ရှိနေတာဖြစ်ပြီး စစ်ကောင်စီကို တိုက်ရိုက်ထိခိုက်စေမယ့် နည်းလမ်းတွေ ပါဝင်လာဖို့ကို မျှော်လင့်ရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတယောက်က “ဒီအရေးယူမှုကနေ အလုပ်သမားတွေအပေါ် ထိခိုက်မှာထက် စစ်ကောင်စီကို ပိုပြီးအထိနာစေမယ့် အရေးယူမှုမျိုး ဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါက စစ်ကောင်စီယန္တရားကို ဖြိုဖျက်နိုင်မယ့် အခွင့်အလမ်းတခုလို့လည်းလက်ခံတယ်” လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံသူကတော့ ILO ရဲ့ အလုံးစုံပိတ်ဆို့မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာရင် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်စေမယ့် ဆုံးရှုံးမှုတွေသာ ကြုံတွေ့ခံစားရမှာ ဖြစ်တယ်ဆိုပြီး ဝါဒဖြန့်တာတွေ ရှိပါတယ်။

အဲဒီဝါဒဖြန့်မှုက အလုပ်သမားထုကြားမှာ စိမ့်ဝင်ပြီး အလုပ်အကိုင်ဆုံးရှုံးမှာကို စိုးရိမ်စိတ်တွေ ရှိနေကြတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတချို့က ပြောပါတယ်။

လှိုင်သာမြို့နယ်မှ အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “နိုင်ငံရေးနဲ့ အလှမ်းဝေးတဲ့သူတွေအတွက်ကတော့ အခြေပျက်မှာကို စိုးရိမ်ကြတယ်။ နိုင်ငံရေးအခြေအနေ သိတဲ့သူတွေကတော့ ဖြစ်လာလည်း ရင်ဆိုင်မယ်ဆိုတဲ့ အသိစိတ်ရှိတယ်” လို့ ပြောပါတယ်။

ILO ရဲ့ Article 33 နဲ့ အရေးယူတာ​ကြောင့် အလုပ်သမားနဲ့ ပြည်သူတွေ ထိခိုက်မှုဖြစ်စေမယ်ဆိုတဲ့ ပြောတာတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီး ဦးကျော်နီက “ကျနော်တို့ ပြည်သူလူထုက ဒီထက် နစ်နာစရာ ဘာရှိဦးမလဲဆိုတာ ပြန်မေးချင်တယ်။ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားကျောင်းတွေ အကုန်လုံးကိုမရှောင် ဗုံးကြဲ သတ်ဖြတ်၊ ရွာလုံးကျွတ်မီးရှို့နဲ့ ဒီလိုဖြစ်နေတဲ့အချိန်မှာ ပြည်သူလူထုက ဒီထက်နစ်နာစရာ ကြုံရဦးမှာလဲ။ ဆက်ပြီးတော့ စကစ ကသာလျှင် အနစ်ဆုံး ဖြစ်မယ်၊ စကစ ကသာလျှင် အာဏာလက်လွှတ်ရမယ့် အခြေအနေမျိုး ဖြစ်တယ်။ ဒီအရေးယူမှုက ကျနော်တို့ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အလွန်အရေးကြီးတယ်” လို့ ပြောပါတယ်။

မင်းမခ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013