စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သလို တိုက်ပွဲတွေ ပြင်းထန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၃ မြို့နယ်မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့ ပြင်ဆင်နေပေမဲ့ ပွဲတော်မဖြစ်နိုင်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့ ဝန်ကြီးအဖွဲ့တွေဟာ သင်္ကြန်ပွဲတော် ကျင်းပနိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၈ ရက်က ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ရခိုင်မှာ မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတာကြောင့် မြို့နယ် ၃ မြို့နယ်မှာဘဲ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ကျင်းပဖို့ စီစဉ်နိုင်တာဖြစ်ပါတယ်။
လက်ရှိ အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီက လုံခြုံရေး ထိန်းချုပ်တင်းကျပ်ထားသလို အနီးအနားမှာ တိုက်ပွဲတွေဖြစ်နေတာမြို့ထဲကိုလက်နက်ကြီးတွေကျတာတွေရှိနေတာကြောင့် စစ်တပ် ကျင်းပမယ့် သင်္ကြန်ပွဲဟာ ဖြစ်နိုင်ခြေမရှိဘူးလို့ မြို့ခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
စစ်တွေဒေသခံတယောက်က “စကစကတော့ သင်္ကြန်ပွဲမှတော့ မဟုတ်ပါဘူး၊ ဘယ်ပွဲမဆို လုပ်နေမှာပါပဲ။ စစ်တွေမှာ လုပ်မယ်ဆိုတော့ ဘယ်သူ ဝင်ပါလို့ရမှာလဲ၊ အိမ်မှာ မီးလည်း မရတော့ ရေတင်လို့လည်းရမှာ မဟုတ်ဘူး။ ဓာတ်ဆီတွေကလည်း ဈေးအရမ်းကြီးနေတော့ ဘယ်သင်္ကြန်လည်တွေ ကားတွေ ထွက်လို့ရမှာလဲ။ စကစရဲ့ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာမဏ္ဍပ်တွေပဲ ရှိမှာပါ။ လူတောင်မှ နေလို့အဆင်မပြေတဲ့မြို့မှာ သင်္ကြန်ပွဲလာလုပ်တာဆိုတော့ ကြောင်တောင်တောင်ကြီး ဖြစ်နေမှာပါ။ နေပူခေါင်ခေါင်ကြီးမှာ ကွက်ပြီးတော့ အရူးလို ကနေမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကျောက်ဖြူဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရခိုင်ရိုးရာ စဉ်လာမပျက် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲ၊ သက်ကြီး ပူဇော်ပွဲတွေကို စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေပါတယ်။
ကျောက်ဖြူဒေသခံတယောက်က “စကစက ကျောက်ဖြူမြို့ ပွိုင့်ပင်လယ်ကမ်းခြေမှာ သင်္ကြန်ချဖို့အတွက် သီချင်းလေ့ကျင့်တာ၊ သင်္ကြန်အက လေ့ကျင့်ပေးနေတာတွေ ရှိပါတယ်။ စကစ ရဲ့ မြို့နယ်ထွေအုပ်နဲ့ ဌာနပေါင်းစုံ ပူးပေါင်းပြီးတော့ လုပ်နေကြတာပါ။ ဗဟိုမဏ္ဍပ် တခုတည်း ဆောက်မယ် ထင်ပါတယ်။ လောလောဆယ်တော့ မဏ္ဍပ်ပြင်ဆင်နေတာတွေတော့ မတွေ့ရသေးပါဘူး”လို့ ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြို့နယ်တွေမှာ အခုလိုသင်္ကြန်ပွဲတော်ကျင်းပဖို့စီစဉ်နေတာဟာ လက်ရှိ အချိန်ထိ စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့အသက်နဲ့ရင်းပြီး လုပ်နိုင်စွမ်းရှိတာကို ပြသချင်တာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ALD) ဦးမျိုးကျော်က “သူတို့ရဲ့တရားဝင်မှုကို ပြချင်လို့ ဒီလို အသံကောင်းဟစ်တာလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်။ နောက်ပြီးတော့ ကျောက်ဖြူဆိုတာလည်း မြို့ပေါ် တကွက်လေးပဲ ကျန်တာပါ။ မြို့ရဲ့ ငါးမိုင်အကွာကို သူတို့ထွက်လို့မရပါဘူး။ အဲဒီလိုပဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေဟာလည်း အဲလိုပါပဲ။ မြို့ပေါ်ကွက်ကွက်လေးသာ ကျန်ရှိတာပါ မြို့ပြင်ကို နည်းနည်းတောင်သွားလို့မရတော့ပါဘူး။ လုံခြုံမှုမရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီထဲကမှ သူတို့ရဲ့တရားဝင်မှု သူတို့ ဒီမှာလုပ်နိုင်သေးတယ်ဆိုတဲ့ဟာကို လူတွေရဲ့အသက်နဲ့ရင်းပြီးတော့ ပြခိုင်းပြီး ပွဲတော်ကျင်းပဖို့စီစဉ်နေတာပါ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ကမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် သင်္ကြန်ပွဲတော် ကျင်းပနိုင်တာမရှိခဲ့ပါဘူး။
လက်ရှိမှာလည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုထဲက ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေ နေ့တိုင်းဆိုသလိုရှိနေပါတယ်။
ကေခိုင်