
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ လှည့်ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဥ်တန်းတွေ ဒီနေ့မနက် ၁၀ နာရီခွဲက မိုင်တိုင်အမှတ် ၃၁၉ အနီးတဝိုက်မှာ ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
“ဖြစ်တာက နွားထိုးကြီးမြို့နယ် ၃၁၉ /၃ မိုင်မှာဖြစ်တာ၊ တဇောက်ချောင်းတံတားကိုဖြတ်တဲ့ အချိန် ကားကို PDF တွေက ဝိုင်းပစ်တာ၊ ရဲတယောက်နဲ့ စစ်သား ၂ ယောက်ဒဏ်ရာရလို့ ဆေးရုံကို ပို့ထားရတယ်” လို့ ပြောပါတယ်။
အမြန်လမ်းမှာ စစ်ကောင်စီယာဥ်တန်း ပစ်ခတ်ခံရပြီး ၁၁ နာရီခွဲမှာ ၃၁၉ /၆ မိုင် တဇောက်ချောင်း ရဲကင်းကို စစ်ကောင်စီတပ်တွေ ထပ်မံရောက်လာချိန် PDF တွေက ၄၀ မမ ရှော့တိုက်ဒုံးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။
လတ်တလောမှာ ပစ်ခတ်မှုတွေ ပြီးသွားပေမဲ့ အမြန်လမ်းတလျှောက် စစ်ကောင်စီတပ်က မိုင်တိုင်အမှတ် ၃၁၉ ကနေ ၃၂၁ မိုင်အထိ အင်အားတိုးမြှင့်ချထားတယ်လို့ ခရီးသွားလာသူတယောက်က ပြောပါတယ်။
“တိုက်ပွဲတွေဖြစ်နေတော့ ကားတွေအကုန်ရပ်ပြီး စောင့်နေကြတာ တနာရီခွဲ၊ ၂ နာရီလောက်မှ ကားတွေ ပြန်သွားလို့ရတာ။ စစ်တပ်က လူအင်အားချထားတာအများကြီး။ ရန်ကုန်-မန္တလေးအမြန်လမ်းလို နေရာတောင် စစ်တပ်က မထိန်းချုပ်နိုင်တော့ဘူး။”
ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာ ၂၃ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း ၃၁၈ နဲ့ ၃၁၉ အနီးတဝိုက်က ရဲကင်းစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေက တိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။