Home
မြန်မာသတင်း
အာဏာသိမ်းစစ်တပ်က လူအင်အားထုတ်နုတ်ပြီး ငလျင်ဘေး ကူညီကယ်ဆယ်ရေး မလုပ်နိုင် 
DVB
·
March 31, 2025
Photo: REUTERS/Stringer

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အင်အားလိုအပ်ချက်ရှိနေပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ သူ့ရဲ့လက်နက်ကိုင်တပ်အင်အားကို လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တာမရှိဘူးလို့  မြေပြင်သတင်းရင်းမြစ်တွေက DVB ကို ပြောပါတယ်။

စစ်တပ်ဟာ အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေတိုင်းမှာ တိုင်းစစ်ဌာနချုပ်အလိုက် အင်အားကို ခွဲတမ်းအနေနဲ့ ထုတ်နုတ်ပြီး ကူညီကယ်ဆယ်မှုတွေကို လုပ်ဆောင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့်  အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေကို စစ်တပ်ရဲ့ အင်အားသုံးပြီး ကူညီဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး ငလျင်ဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲမှာဆိုရင် စစ်ကောင်စီတပ်ဟာ ပြိုကျသွားတဲ့ အဆောက်အအုံထဲက ပြည်သူတွေကို မကူညီတဲ့အပြင် ကူညီကယ်ဆယ်ဖို့ ဆောင်ရွက်တဲ့သူတချို့ကိုပါ ပိတ်ပင်မှုတွေ လုပ်ဆောင်နေတယ်လို့  မြေပြင်ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဟာ မန္တလေးမြို့ထဲမှာ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲက ပိတ်မိပြည်သူတွေကိုလည်း အခုချိန်ထိ ကယ်ဆယ် လုပ်ဆောင်တာ မတွေ့ရဘဲ လုံခြုံရေးယူထားတဲ့ ရဲဝန်ထမ်းတချို့ကိုသာ တွေ့ရတယ်လို့ မန္တလေးမြို့ပေါ်မှာ နေထိုင်တဲ့  DVB သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုလို စစ်တပ်က သူတို့ရဲ့အင်အားကို ထုတ်နုတ်ပြီး ကူညီကယ်ဆယ်မှုတွေ မလုပ်ဆောင်တာဟာ အခု ငလျင်ဒဏ်ကိုခံရတဲ့ နယ်မြေတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းယူဖို့ ကြိုးစားနေတဲ့ နယ်မြေဖြစ်တာကြောင့် နယ်မြေထိန်းချုပ်မှုစွန့်လွှတ်လိုက်ရမှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား CDM အရာရှိ ဗိုလ်ကြီးမင်းခန့်ကျော်က ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ်အတွင်းက နယ်မြေတချို့မှာ ငလျင်ဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရပါတယ်။ 

လူပေါင်းထောင်ချီ သေဆုံး ဒဏ်ရာရခဲ့ပြီး မတ် ၃၁ ရက် နေ့လယ် ၃ နာရီအထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၃,၀၃၄ ယောက်၊ ထိခိုက်ဒဏ်ရာရ - ၃,၅၁၇ ယောက်နဲ့ ပျောက်ဆုံးသူ - ၃၅၉ ယောက် ရှိနေ ပါတယ်။

အဲဒီငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အအုံ ၁၃,၀၀၀  ကျော်၊ ဘုရားစေတီ ၁၅၇ ဆူ၊ ဗလီ ၅၂ ခုနဲ့ ဘုရားကျောင်း ၇၁ ကျောင်း ပျက်စီးသွားခဲ့ပြီး လမ်းပျက်စီးမှု ၄၃ ခုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်အများဆုံးခံရတဲ့ နယ်မြေတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဒေသတွေဖြစ်လို့ NUG အစိုးရက ကူညီဆောင်ရွက်မှုလုပ်ဖို့ အကန့်အသတ်တွေရှိတယ်လို့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်တင်ဖို့နဲ့ ကူညီကယ်ဆယ်မှုတွေကိုလုပ်ဖို့ NUG က ထိုးစစ်ကို ၂ ပတ်ကြာ ရပ်နားထားမယ်လို့ ကြေညာသလို အာဏာသိမ်းစစ်တပ်ဘက်က လုံခြုံရေးအာမခံရင် NUG နဲ့ လက်တွဲဆောင်ရွက်နေတဲ့ CDM ဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်မှု လုပ်ဆောင်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီကတော့ ငလျင်ဘေးသင့် ပြည်သူတွေကို ထိထိ‌ရောက်ရောက် မကူညီတဲ့အပြင် ငလျင်ဘေးသင့် ဒေသက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မရပ်မနား ဆက်လုပ်နေပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေက ပြည်သူတွေကို လူအင်အားနဲ့ ကူညီကယ်ဆယ်ဖို့ တောင်းဆိုခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တချို့ရဲ့ တောင်းဆိုမှုကိုလည်း လက်မခံခဲ့သလို နိုင်ငံခြားကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုပေးနေတာပါ။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013