
ပဲခူးတိုင်းထဲက ငလျင်ဘေးဒဏ်ခံရတဲ့ ကျေးရွာတွေရှိ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်း ဆီကနေ သိရပါတယ်။
တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစွန်ရဲက “ကျနော်တို့ ၃၅၀၂ တပ်ရင်းရဲ့ စစ်တောင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေက သူတို့စိုးမိုးနယ်မြေတွေမှာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာ”လို့ ပြောပါတယ်။
ပဲခူးတိုင်းအတွင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထိန်းချုပ်နယ်မြေတွေထဲက ကျေးရွာ ၈ ရွာနီးပါးဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရတာဖြစ်ပြီး ငလျင်ကြောင့် သီတင်း ၂ ပတ်ကြာ ထိုးစစ်ရပ်စဲထားကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။
တောင်ငူခရိုင် ပကဖ တာဝန်ခံတယောက်က “အခုက ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်တိုက် ဆောင်ရွက်နေရတယ်။ နေအိမ်အဆောက်အအုံတွေ ပျက်စီးသွားတဲ့ ပြည်သူတွေကိုတော့ ယာယီစခန်းတွေမှာထားပြီး နေထိုင်စားသောက်ရေးတွေကို စီစဥ်ပေးထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးတော့မှ ဆက်ပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ရမှာပေါ့ဗျာ။ NUG ဘက်ကလည်း တိုက်ပွဲတွေ ခဏရပ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေထဲက ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားတာရှိတော့ အခုလတ်တလောမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကထားပြီး လုပ်ဆောင်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက်တနေ့ မတ် ၂၉ ရက်က စတင်ကာ မတ် ၃၀ ရက်ညနေပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ပြည်သူတွေကိုလည်း ဆေးကုသပေးနေကာ သေဆုံးသူတွေတော့ မတွေ့ရှိရသေးဘူးလို့လည်း ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ပဲခူးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေမှာ ဘုရားစေတီနဲ့ သာသနိကအဆောက်အအုံတွေအပြင် လူနေအိမ်တွေထိခိုက် ပျက်စီး၊ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကားလမ်းတွေလည်း ကျိုးပြတ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကာ မြေအက်ကွဲကြောင်းတွေထဲကနေ ချော်ရည်လို နုန်းအနှစ်တွေ ထွက်လာတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။
မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး ရဟန်းသံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo: တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်း