Home
မြန်မာသတင်း
စစ်ကိုင်းက သေဆုံးသူ အစ္စလာမ်ဘာသာဝင်များကို သင်္ဂြိုဟ်ရန် အခက်အခဲရှိနေ
DVB
·
March 31, 2025

အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ပေါ်က ဗလီတွေ ပြိုကျပျက်စီးခဲ့ပြီး သေဆုံးခဲ့သူတွေကို ဘာသာရေးအရ သင်္ဂြိုဟ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမှာ ဗလီ ၃ လုံး လုံးဝပြိုကျပျက်စီးသွားတာကြောင့် မတ် ၃၁ ရက် နေ့လယ်ထိ အစ္စလာမ်ဘာသာဝင် အယောက် ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေကို ဘာသာရေး ထုံးတမ်းအရ သင်္ဂြိုဟ်ဖို့ အခက်အခဲတွေရှိနေကြောင်း စစ်ကိုင်းမြို့ခံ အစ္စလာမ်ဘာသာဝင် တယောက်က DVB ကို ပြောပါတယ်။

“ကျနော်တို့ စစ်ကိုင်းက အလောင်းတွေက မန္တလေးကို သွားပို့ရတယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ်ဘာသာဝင်တွေ ချတဲ့ သုသာန်ဟာ စစ်ဇုန်ဖြစ်နေတဲ့အတွက် ကျနော်တို့ သွားလို့မရဘူး။ ဖြတ်သန်းသွားလာဖို့ အခက်အခဲတွေ ရှိနေလို့ပါ။ စစ်ကိုင်းမှာ ဗလီ ၅ လုံးရှိတဲ့အထဲ ၃ လုံးက လုံးဝပြိုကျသွားတယ်။ သေဆုံးသူကတော့ ဒီကနေ့ဆို မနေ့ကနဲ့တောင် အများကြီးကွာသွားပြီး ၂၀၀ ကျော်လောက်ရှိပြီ။ အခု မြို့မဗလီ တလုံးတည်းကို ၅၈ ဦး ဖြစ်သွားတယ်။”

အဓိကကတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ သုသာန်ကို ဖြတ်သန်းသွားလာရာမှာ ခက်ခဲတာဖြစ်ပြီး မန္တလေးကို သေဆုံးသူတွေရဲ့ အလောင်းတွေ ပို့ဆောင်သင်္ဂြိုဟ်ရာမှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

“ကယ်ဆယ်ရှာဖွေရေးတွေကတော့ လုပ်နေတယ်၊ ကျနော်တို့ကလည်း ပရော်ဖက်ရှင်နယ်တွေ မဟုတ်တော့ ကြန့်ကြာမှုတွေ ရှိတယ်ဗျ။ နောက်တခုက သင်္ဂြိုဟ်ဖို့ကျတော့လည်း ကျနော်တို့က စစ်ကိုင်းထဲ သွားမရတော့ မန္တလေးထိ သွားရတယ်။ ဒီကြားထဲ စစ်ကိုင်းတံတားတခုကလည်း ကျိုး၊ နောက်တခုကလည်း အက်နေတော့ သွားလာရတာ တော်တော်လေး ဒုက္ခရောက်နေပါတယ်” လို့ စစ်ကိုင်းမြို့ခံ အစ္စလာမ်ဘာသာဝင်က ပြောပါတယ်။

ဒါ့အပြင် ဗလီတွေ ပြိုပျက်ကုန်တာကြောင့် ဒီကနေ့ မတ် ၃၁ ရက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် အိဒ်နေ့မှာ ဝတ်ပြုဖို့ တချို့နေရာတွေမှာ သွားရောက်ဝတ်ပြုခဲ့ကြရတယ်လို့ သိရပါတယ်။

ဒေသခံ အစ္စလာမ်ဘာသာဝင်တယောက်က “ကျနော်တို့ ဒီကနေ့ အိဒ်နေ့မှာ တချို့ကတော့ ပြိုတဲ့ထဲမပါတဲ့ ဗလီတွေမှာ ဝတ်ပြုတည်ဆောက်ကြတယ်ပေါ့။ တချို့ကတော့ စစ်ကိုင်းထဲ အထက ၂ ထဲမှာ ဝတ်ပြုတည်ဆောက်ကြပါတယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ်မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပြိုကျပျက်စီးခဲ့ကာ ဝတ်ပြုနေသူတွေလည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၂,၉၂၈ ယောက်အထိ ရှိနေပြီလို့ မတ်လ ၃၁ ရက်မနက်အထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013