
နေပြည်တော် သင်းရွှေစင်ရတနာရွှေဆိုင်ခွဲမှာ အလုပ်လုပ်နေတဲ့ ဧရာဝတီတိုင်းက ရွှေဆိုင်ဝန်ထမ်း ၁၀ ယောက် ငလျင်ဒဏ်ကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတ် ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၂ မိနစ်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံပြိုပျက်ကာ နေပြည်တော် ပျဉ်းမနားဆိုင်ခွဲမှာ ဝန်ထမ်းအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံ ၁၀ ယောက် သေဆုံးသွားတာလို့ ဆိုပါတယ်။
သေဆုံးသူတွေနဲ့ နီးစပ်သူတယောက်က“သေဆုံးသူတွေက ဧရာဝတီတိုင်းကနေ အလုပ်လာလုပ်နေသူတွေလို့ သိရတယ်။ ငလျင်လှုပ်တော့ ရွှေထည်ပစ္စည်းတွေ လုယက်မှုဖြစ်မှာ ကြောက်တာကြောင့် ဆိုင်ရှင်က ဆိုင်ကို သော့ခတ်ပိတ်လိုက်တော့ ထွက်မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ သိရတယ်” လို့ ပြောပါတယ်။
အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေမှာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်က ရုပ်အလောင်းတွေကို စည်ပင်ကိုအပ်ပြီး သင်္ဂြိုဟ်ခိုင်းတာကြောင့် မိသားစုတွေက သင်္ဂြိုဟ်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
နေပြည်တော်၊ ဧလာမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု မတ် ၂၉ ရက် ညနေ ၃ နာရီ ၅၀ မိနစ် ၅၀ စက္ကန့်က လှုပ်ခတ်ခဲ့သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။