Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မြို့နယ်အချို့တွင် နောက်ဆက်တွဲငလျင်လှုပ် 
DVB
·
March 31, 2025

ထိုင်းနိုင်ငံ၊ဘန်ကောက်နဲ့ မြို့နယ်တချို့မှာ ဒီကနေ့ မတ် ၃၁ မနက် ၉ နာရီခွဲလောက်က မြေတုန်ခါမှုကို ခံစားရပြီး အဆောက်အအုံ အစိတ်အပိုင်းတချို့ အက်ကွဲရာနဲ့ ယိုင်နဲ့တာာ တွေ့ရှိတဲ့အတွက် လူတွေ အလန့်တကြား ထွက်ပြေးနေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ဘန်ကောက် ရတ်ဆီနယ်မြေ၊ ကျဲန့်ဝပ်ထနလမ်းရှိ အထွေထွေအုပ်ချုပ်ရေးရုံးမှာ တုန်ခါမှုကို ခံစားသိရှိရသလို ဇုန် A အဆောက်အအုံမှာ ကျောက်ပြားတချို့ ကွဲကျလာတာရှိတယ်။   ဒါကြောင့် အထဲကလူတွေ အကုန်အပြင်ထွက်လာကြဖို့ သက်ဆိုင်ရာက အချက်ပေးခေါင်းလောင်းနဲ့ သတိပေးတာကြောင့် အားလုံးပဲ ဆင်းလာကြတယ်လို့ ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါအဆောက်အအုံမှာ ကလေးသူငယ်အခွင့်အရေးဌာန၊ အခြေခံဥပဒေတရားရုံး၊ ဒီအက်စ်အိုင် အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရုံး၊ အလုပ်သမားရုံး စတဲ့ ဌာနဆိုင်ရာရုံးတွေ စုနေတဲ့နေရာ ဖြစ်တယ်။ တုန်ခါမှု အချက်ပေးသံကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကော ရုံးကို လာရောက်ဆက်သွယ်သူတွေပါ အားလုံး အောက်ဆင်းလာပြီး ရုံးအပြင်ဘက်မှာ စုရုံးရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။

အဆိုပါရုံးမှာ မတ် ၂၈ ရက် မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်မှုကြောင့် သက်ရောက်တဲ့ တုန်ခါမှု ခံစားရလို့ အဲဒီနေ့ကတည်းက Work From Home လုပ်ခဲ့တယ်၊ ဒီကနေ့ တနင်္လာနေ့ ရုံးပြန်တက်ချိန် ခုလို တုန်ခါမှု ထပ်ခံစားရတာလို့ ဆိုပါတယ်။

သက်ဆိုင်ရာက အဆောက်အအုံကို ပြန်စစ်ဆေးရာမှာတော့ အသစ်ကွဲအက်တာမဟုတ်ဘဲ မတ် ၂၈  ရက်က အက်ရာအဟောင်းသာဖြစ်တယ်၊ လူမှုကွန်ရက်မှာပျံ့နေတဲ့ အဆောက်အအုံ တိမ်းစောင်းနေတာကတော့ သူ့ရဲ့  နဂိုဒီဇိုင်းပုံသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် မြေတုန်ခါမှုကို ရာ့ချ်ဒါးဖိဆစ်လမ်းရှိ ဗဟိုတရားရုံးကလည်း ခံစားသိရှိတယ်၊ အဆိုပါအဆောက်အအုံမှာ ၂၇ ထပ်မြင့်ပြီး အပေါ်ဆုံးထပ်မှာ ရဟတ်ယာဉ်ဆင်းသက်ရာ လေယာဉ်ကွင်းငယ် ရှိတယ်၊ တုန်ခါမှုကြောင့် တိုက်ကလူတွေ အကုန် အပြင်ထွက်နေကြရတယ်လို့ ဆိုပါတယ်။

အလားတူ ဒင်ဒဲန်းနယ်မြေ လူမှုဖူလှုံရေးအာမခံရုံး၊ စွဲအားရီး အကောက်ခွန်ရုံးမှာလည်း တုန်ခါမှု ခံစားရတာကြောင့် အားလုံး ရုံးပေါ်က ဆင်းပြေးပြီး အပြင်မှာထွက်နေရတယ်လို့ သတင်းမှာ ‌‌ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်က ပြင်းအား ၃ ဒသမ ၇ ရစ်ချ်တာစကေးရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခဲ့တယ်၊ မနက် ၄ နာရီလောက်ကစ နောက်ဆက်တွဲငလျင် ၁၀ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာတော့ ဒီကနေ့ မတ် ၃၁ ရက် မနက် ၁ နာရီ ၁ မိနစ်မှာ  ရစ်ချ်တာစကေး ၂ ဒသမ ၉ ရှိ ငလျင်တခု လှုပ်ခါသွားတယ်၊ တုန်ခါမှုကို မယ်ဟောင်ဆောင် မြို့ပေါ်ရပ်ကွက်၊ ကျောင်းခမ်းရပ်ကွက်၊ ဆီဆမ်ရမ်းဆေးရုံ၊ မြို့နယ်ထွေအုပ်ရုံးနဲ့ ပန်မူရပ်ကွက်တွေမှာ သိရှိခံစားရတယ်။ ခုတင်၊ ခေါင်မိုး၊ ပြတင်းပေါက်နဲ့ အိမ်ထဲက ပရိဘောဂတွေ တုန်ခါတာရှိပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားတော့ မရှိဘူးလို့ မယ်ဟောင်ဆောင်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမိုးဇလကတော့ ဒီနေ့မနက် တုန်ခါမှုတွေဟာ မြန်မာပြည်က အားပြင်းငလျင် နောက်ဆက်တွဲ After Shock တွေသာဖြစ်ပြီး ထိုင်းနိုင်ငံပေါ် ထိခိုက်စေမယ့် သက်ရောက်မှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက် မြန်မာပြည်က အင်အားပြင်းငလျင်လှုပ်ပြီးတဲ့နောက် After Shock နောက်ဆက်တွဲ ငလျင်အသေးစား အကြိမ်ပေါင်း ၂၀၀ လှုပ်ခဲ့တယ်လို့ ထိုင်းမိုးလေဝသဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Source : ThaiPBS / Prachachat

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013