Home
မြန်မာသတင်း
ကရင်နီနှင့် ရှမ်းပြည်နယ်စပ်က နေအိမ်၊ ဘုရားကျောင်းအချို့ ငလျင်ကြောင့် ပြိုကျပျက်စီး
DVB
·
March 29, 2025
kn

ကရင်နီပြည်နယ်ထဲက နန်းမယ်ခုံ၊ ဟိုဝမ်၊ မော်ချီးနဲ့ ရှမ်းပြည် ဖယ်ခုံမြို့နယ်ထဲက ဆီးဘူးနဲ့ သာယုကျေးရွာတွေထဲက နေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းတို့ဟာ မတ် ၂၈ ရက်က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

မတ် ၂၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ အင်အား ၇.၇ ရစ်တာစကေးရှိတဲ့ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးဗညားက “ဟိုဝမ်ဒေသမှာ Church ကျောင်းတခုပြိုကျတာရှိတယ်။ မော်ချီးဒေသက ကျောင်းတခု ထိခိုက်ပျက်စီးမှုရှိတယ်။ ဆီးဘူးဘက်မှာ အဆောက်အဦပြိုတာ၊ ထိခိုက် အက်ကွဲတာတွေ ကြားမိတယ်။ လူသူအထိအခိုက်ကတော့ သတင်းအချက်အလက်တော့ မရသေးဘူး” လို့ ပြောပါတယ်။

နန်းမယ်ခုံဒေသမှာ ဆန်စက်နဲ့ နေအိမ်တချို့ ပြိုကျပျက်စီးခဲ့ပြီး ဘုရားစေတီထိခိုက်ပျက်စီးတာ၊ အုတ်တံတိုင်းပြိုတာတွေရှိပြီး ဖယ်ခုံက သာယုကျေးရွာက နေအိမ်ပျက်စီးထိခိုက်တာတွေ ရှိတယ်လို့ သိရပါတယ်။

ငလျင်လှုပ်တာကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက နန်းစံဖူးချောင်းရေဟာ ရေအနက် ၃ ပေ နီးပါးထိ ကျဆင်းသွားခဲ့ပြီး မတ် ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာလည်း ငလျင်ထပ်လှုပ်သေးတယ်လို့ သိရပါတယ်။

ငလျင်ကြောင့် မြန်မာနိုင်ငံက ပြည်သူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ DVB ရဲ့ ​ဒေသတာအချက်အလက်အရသိရပြီး ခုလက်ရှိအချိန်အထိ ဒေသအလိုက် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြဆဲပဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013