Home
မြန်မာသတင်း
မြန်မာငလျင်ဘေး ဝိုင်းဝန်းကူညီပေးရန် နိုင်ငံတကာကို NUG မေတ္တာရပ်ခံ
DVB
·
March 29, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် အကူအညီတွေ မြန်မြန်ရောက်လာရေး ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတကာအစိုးရတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုပြီး လှုပ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်လာပြီး ဒဏ်ရာရတဲ့သူ ၂,၃၀၀ ကျော် ရှိလာတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြေပြင်မှာတော့ ပြိုကျအဆောက်အအုံတွေထဲမှာ ပိတ်မိသေဆုံး ဒဏ်ရာရသူတွေ အများအပြား ကျန်နေဦးမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီထုတ်ပြန်တာထက် ပိုဆိုးတဲ့အခြေအနေကို ရောက်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးလက်ဒေသတွေမှာတော့ ယာယီ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေက တတ်စွမ်းသရွေ့ ကူညီကြဖို့ NUG အစိုးရက ညွှန်ကြားထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးယန္တရား ပကဖ၊ ပလဖ၊ ပအဖ၊ PDF တွေ အားလုံးပူးပေါင်းပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ ပြည်သူလူထုကို ကူညီဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ညွှန်ကြားထားပြီးတော့ ဦးဆောင်မှုလုပ်နေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း မြေပြင်မှာ ထိထိရောက်ရောက်လုပ်ဖို့အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။ ဒီတကြိမ်တည်းမှာလည်း ကျနော်တို့က နိုင်ငံတကာကို မြန်မြန်ဆန်ဆန် လူ့အသက်ကယ်ဖို့အတွက် အကူအညီပေးဖို့အတွက် တောင်းဆိုပါတယ်။ ရှေ့မှာဖြစ်ခဲ့တဲ့ စစ်အာဏာရှင်တွေကနေပြီးတော့ လူသားစာနာအကူအညီတွေကို လက်နက်အဖြစ် အသွင်ပြောင်း အသုံးပြုတာပေါ့နော်၊ အဲဒီလိုမဖြစ်အောင် အတွက်လည်း သတိထားလုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေကို တိုက်တွန်းပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနဲ့ ရှမ်းပြည်နယ်၊ နေပြည်တော်တို့ကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားပြီး နိုင်ငံတကာအကူအညီတွေလည်း တောင်းခံထားပါတယ်။

မန္တလေးမြို့ပေါ်မှာတော့ လက်ရှိအချိန်အထိ ပြည်သူတွေဟာ ဘာအကူအညီမှမရဘဲ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

မန္တလေးမြို့ခံတယောက်က “တမြို့လုံးနီးနီး တချို့တိုက်တွေဆို ဘယ်လိုမှ နေလိုမရတော့တဲ့ဟာတွေ အများကြီးပဲ၊ တပုံကြီးပဲ။ သေတဲ့ဟာတွေလည်း မနည်းဘူးလေ၊ မသိတဲ့ဟာတွေရော မနည်းဘူး။ လူမှုရေးအဖွဲ့လေးတွေကနေ ကူညီကြ၊ အဲဒီလောက်ပဲရှိတာလေ။ ဘယ်ပေးမှာတုန်း သူတို့ဟာနဲ့သူတို့တောင် အနိုင်နိုင်ရယ်၊ အားလုံးက သည်းထိတ်ရင်ဖိုတွေ ဖြစ်နေကြတာလေ။ သူ့အိမ် ကိုယ့်အိမ် သူ့လည်းကိုယ်ကမကူညီနိုင် ကိုယ့်လည်းသူကမကူညီနိုင် အဲဒီလိုတွေ ကိုယ့်ဘာသာ ကြိတ်ပြီးဖြေရှင်းရတော့တာပေါ့။ အကုန်လုံးက ဒုက္ခသည်ပုံစံမျိုး ဖြစ်သွားပြီ။ လမ်းပေါ်မှာတောင် တက်အိပ်ရတာ၊ အိမ်ထဲမအိပ်ရဲလို့။ ဈေးဆိုင်တွေကလည်း ဖွင့်လို့မှမရတာ၊ လုပ်ငန်းလုပ်ဖို့ဟာ လူတွေက စိတ်လည်းမရှိတော့ဘူးလေ။ စိတ်တွေက အကုန်လုံး ပင်ပန်းကုန်ကြပြီလေ။ တမြို့လုံးနီးပါးမှာ အိမ်တိုင်း မထိတဲ့အိမ်ဆိုတာ မရှိဘူး။ အနည်းနဲ့အများပဲရှိတာ။ မထိတဲ့ဟာကိုမရှိဘူး။ အကုန်ထိတာပဲ၊ သွားပြီ သွားပြီ မန္တလေးမြို့က” လို့ ပြောပါတယ်။

အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက သမိုင်းဝင်ဘာသာရေး အဆောက်အအုံတွေနဲ့ သမိုင်းအမွေအနှစ် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားပြီး အထပ်မြင့် အဆောက်အအုံတွေရှိတဲ့ မြို့ပြနေရာတွေမှာ ထိခိုက်ပျက်စီးသေဆုံးမှု များပြားခဲ့ပြီး ကျေးလက်ဒေသမှာတော့ ထိခိုက်သေဆုံးမှု နည်းခဲ့ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက “စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်၊ အောင်ပန်း ဆိုတဲ့ မြို့ကြီးတွေမှာ ထိခိုက်ပျက်စီးမှု အများကြီးဖြစ်သွားခဲ့တယ်။ လူနေသိပ်သည်းထူထပ်တဲ့ အထပ်မြင့်အဆောက်အဦတွေ အများကြီးရှိတဲ့ မြို့ပြတွေမှာတော့ လူပေါင်းထောင်ချီပြီး သေဆုံးခဲ့တယ်၊။ အဆောက်အဦ အပြိုအပျက်တွေကြားထဲမှာ အောက်မှာ ရာချီပြီး ပိတ်မိနေတာတွေလည်းရှိတယ်။ ထိခိုက်ပျက်စီးမှုကတော့ မြို့ပေါ်ဒေသတွေမှာ ပိုများပါတယ်။ လေးနှစ်တာကာလ အတောအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မတရားကျူးလွန် သတ်ဖြတ်မှုပေါင်းများစွာနဲ့အတူ ရေဘေး၊ မီးဘေး၊ ခိုးဆိုးလုနှိုက်ဘေး၊ ရန်သူမျိုးငါးပါး၊ ကပ်ကြီးသုံးပါး တပြိုင်နက်တည်း ကျနော်တို့ ပြည်သူတွေ ခံစားခဲ့ကြရတယ်ပေါ့” လို့ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ငလျင်ဒဏ်ခံရတဲ့ဒေသတွေကို အမြန်ဆုံးပံ့ပိုးမယ်လို့ ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးရုံးချုပ် ကလည်း မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၅ သန်း ကနဦး ခွဲဝေပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို အကူအညီပေးမယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်ကလည်း ပြောဆိုထားပြီး ဘယ်ပုံဘယ်နည်း ဆက်သွယ်ကူညီမယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ ငလျင်ဘေးသင့်ပြည်သူတွေကို ပြည်တွင်းပရဟိတအဖွဲ့တွေက တတ်နိုင်တဲ့အကူအညီတွေ ပေးနေသလို တရုတ်၊ အိန္ဒိယ၊ ရုရှား နိုင်ငံတွေက ကူညီရေးအဖွဲ့တွေ မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013