Home
မြန်မာသတင်း
ငလျင်ကြောင့် ဗလီ  ၅၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး လူ  ၃၀၀ ကျော်သေဆုံး 
DVB
·
March 29, 2025

မတ် ၂၈ ရက် သောကြာနေ့ မွန်းလွဲပိုင်းက ဝတ်ပြုချိန် အင်အားပြင်း ငလျင်လှုပ်ခဲ့တာကြောင့် မြန်မာတနိုင်ငံလုံးက အစ္စလာမ်ဗလီ ၅၀ ကျော် ပြိုကျခဲ့ပြီး အနည်းဆုံး သေဆုံးသူ မွတ်စလင် ၃၀၀ ကျော် ရှိနေကြောင်း အစ္စလာမ်အသိုက်အဝန်းက ပြောပါတယ်။

အင်အားပြင်း ငလျင်လှုပ်ခတ်ချိန် စစ်ကိုင်း၊ မန္တလေး၊ ရမည်းသင်း အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း ပတ်ဝန်းကျင်က ဗလီတွေမှာ ဝတ်ပြုနေချိန် ဖြစ်တာကြောင့် သေဆုံးတာ များရတာလို့  အစ္စလမ်ဘာသာဝင်တယောက်က ပြောပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် ဗလီတွေ ပြင်ဆင်ခွင့်ကို စစ်တပ်က ပိတ်ပင်ထားတာကြောင့်လည်း ဟောင်းနွမ်းပြီး ကြံ့ခိုင်မှုမရှိတဲ့ဗလီတွေ ပြိုကျခဲ့ရတာလို့ ဆိုပါတယ်။

မန္တလေးမြို့မှာ အင်အားပြင်းငလျင်ဒဏ်ကြောင့်  နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ သမိုင်းဝင် ရွှေဘုန်းရှိန်ဗလီဟာ ပြိုကျပျက်စီးခဲ့ပြီး ဝတ်ပြုနေချိန်ဖြစ်လို့ လူအများအပြား ထိခိုက်သေဆုံးခဲ့ကာ ပိတ်မိသူတွေထဲ မိသားစုဝင် ၅ ယောက် သေဆုံးခဲ့ပြီး သူကိုယ်တိုင် အပျက်အစီးပုံကြားထဲက ဒဏ်ရာတွေနဲ့ လွတ်မြောက်လာသူတယောက်က DVB ကို ပြောပါတယ်။

အင်အားပြင်းငလျင်ကြောင့် နိုင်ငံအနှံ့ လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အဦတွေ၊ စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ အများအပြား ပျက်စီးသွားတာဖြစ်ပြီး  လူပေါင်း ၁,၀၀၀ ကျော်သေဆုံးကာ ၂,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အရေးပေါ်အကူအညီတွေလည်း လိုအပ်နေတဲ့အတွက် မြန်မြန်ရောက်လာရေး ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတကာအစိုးရတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရော အာဏာသိမ်း စစ်ကောင်စီကပါ ပန်ကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013