
ငလျင်ဘေးသင့်ဒေသတွေအတွက် ကျပ်သန်းပေါင်း ၂,၀၀၀ လှူဒါန်းမှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေက တောင်းဆိုလာရင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ဖို့ အသင့်ဖွဲ့စည်း ပြင်ဆင်ထားတယ်လို့ အထူးဒေသ ၂ ‘ဝ' ပြည်နယ် ပြည်သူ့အစိုးရက မတ် ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ သဘာဝဘေး အင်အားပြင်းငလျင်ကြီးကြောင့် နိုင်ငံတဝန်းလုံး ထိခိုက်စေခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်တွေ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့ရတာကို ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
‘ဝ’ပြည်နယ်အနေနဲ့ သဘာဝဘေးသင့်ပြည်သူတွေနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြဖို့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ အဘက်ဘက်ကို တိုက်တွန်းပြီး ကိုယ်တိုင်လည်း ကျပ်သန်းပေါင်း ၂,၀၀၀ လှူဒါန်းမယ်လို့ ဆိုပါတယ်။
အခုလို ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံနေရတဲ့အချိန်မှာ သဘောထားအမြင် ကွဲနေကြတဲ့ အဘက်ဘက်တွေအနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေကို ဘေးဖယ်ပြီး လူသားချင်း စာနာထောက်ထားတဲ့ စိတ်ဓာတ်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့၊ စစ်ပွဲဒဏ်သာမက သဘာဝဘေးအန္တရာယ်ကိုပါ ခံစားနေရတဲ့ ပြည်သူတွေကို အချိန်မီကယ်ဆယ်ဖို့၊ အဟန့်အတားမရှိတဲ့ ကူညီပံ့ပိုးမှုနဲ့ သဘာဝဘေးအန္တရာယ် ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ထုတ်ပြန်ပါတယ်။