Home
မြန်မာသတင်း
ငလျင်ဒဏ်ခံရသည့် မန္တလေးတွင် ပိတ်မိနေသူများပြီး ကယ်ဆယ်ရေးမလုံလောက်
DVB
·
March 29, 2025

အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး နာရီ ၃၀ ကြာတဲ့အထိ မန္တလေးမြို့မှာ ပိတ်မိနေသူ အများအပြားရှိနေပြီး ကူညီကယ်ဆယ်ရေးတွေလည်း လုံလောက်မှုမရှိဘူးလို့ မန္တလေးမြို့ခံတွေက‌ ပြောပါတယ်။

မတ် ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်တဲ့အတွက် နိုင်ငံအနှံ့ လူထိခိုက်သေဆုံးမှုများခဲ့ကာ အထပ်မြင့် အဆောက်အဦများစွာလည်း ပြိုကျပျက်စီးခဲ့ပြီး မန္တလေးမြို့မှာ လူထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ခဲ့တာပါ။

လက်ရှိအချိန်အထိ ဦးလှသိန်း ဗိမာန်၊ ရွှေဘုန်းရှိန်ဗလီ၊ Sky Villa ကွန်ဒို စတဲ့နေရာတွေ အပါအဝင် တိုက်တာအဆောက်အဦ ပြိုကျမှုကြောင့် ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ပိတ်မိနေသူတွေကို ရှာဖွေနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေရဲ့ ပြောပြချက်အရ မန္တလေးတမြို့ထဲမှာ သေဆုံးသူဟာ ၁,၅၀၀ ဝန်းကျင်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

မန္တလေးက ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ အမြန်လမ်းပျက်စီးသွားလို့ ရန်ကုန်မြို့ကို မပို့ဆောင်နိုင်တဲ့အတွက် ပြင်ဦးလွင်ဆေးရုံကြီးကို အများအပြား ပို့ဆောင်နေရတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေအတွက် ယာယီဆေးရုံတွေ မန္တလေးလေဆိပ်မှာ လုပ်ဆောင်နေပါတယ်။ 

မြို့ထဲမှာ အသက်ရှင်ကျန်ရှိနေတဲ့သူတွေ အတွက်လည်း စားသောက်ရေးနဲ့ သောက်သုံးရေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ငလျင်ဗဟိုချက်ဟာ မြန်မာနိုင်ငံ စစ်ကိုင်းမြို့နဲ့ ၁၂ ကီလိုမီတာအကွာဖြစ်ပြီး စစ်ကောင်စီကတော့ ငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂ ယောက်ရှိပြီလို့ မတ် ၂၉ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013