
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦ ပြိုကျမှုမှာ ပါဝင်ခဲ့သူတွေကို ပြန်ရှာတွေ့မယ့် မျှော်လင့်ချက်နဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မတ် ၂၉ ရက် မနက်မှာ စောင့်မျှော်နေကြတယ်လို့ ရိုက်တာက ဖော်ပြပါတဘ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၃၃ ထပ်ရှိ ဆောက်လက်စ အဆောက်အဦ ပြိုကျခဲ့ပြီး အလုပ်သမား ၈ ယောက် အပါအဝင် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီအဆောက်အဦထဲမှာ လူ ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောထားပြီး အနံ့ခံခွေးတွေနဲ့ ရှာဖွေနေပါတယ်။
ဘန်ကောက်ငလျင်က ပြင်းအား ၇ ဒသမ ၁ ရှိပြီး ငလျင်ဗဟိုချက်ကနေ ၆၃၅ မိုင် အကွာမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဆောက်အအုံမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား ထွန်းလင်းအောင်က မနက်ကတည်းက လုပ်ဖော်ကိုင်ဖက်တွေကို ပြန်တွေ့ရမယ့် မျှော်လင့်ချက်နဲ့ လာရောက်စောင့်ဆိုင်းနေခဲ့ပါတယ်။
ထွန်းလင်းအောင်က “အထပ်မြင့်ကနေ ပစ္စည်းတွေ ပြုတ်ကျလာတာကြောင့် ကျနော်တို့လည်း ကြောက်လန့်တကြား ပြေးကြပါတယ်။ ကျန်တဲ့လူတွေက အထပ်မြင့်မှာဆိုတော့ လွတ်ဖို့ မလွယ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်အများစုက အပျက်အစီးတွေကြားမှာ သေဆုံးကုန်ပါတယ်။ မြန်မာနိုင်ငံသား အများကြီး ဒီနေရာမှာ သေဆုံးခဲ့ရပါတယ်” လို့ ပြောကြားပါတယ်။
မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအစိုးရက ဘန်ကောက်မြို့ကို ဘေးအန္တရာယ်ရှိတဲ့ နေရာအဖြစ် ကြေညာခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ တော် မန္တလေးမြို့မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
Source : Reuters