
အင်အားပြင်း ငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်စ်က ဆုတောင်းပေးလိုက်ပါတယ်။
မန္တလေး၊ စစ်ကိုင်းနဲ့ တခြားနေရာတွေမှာ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရသူတွေအတွက် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာပြည်သူပြည်သားတွေ မတွေးဝံ့စရာ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကြုံတွေ့နေရပြီး ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရကြောင်း၊ စစ်အာဏာရှင်ရဲ့ လူသားချင်းမစာနာဘဲ သဘာဝဘေးအန္တရာယ် ကြားကနေ လူသားချင်းစာနာမှု ကင်းမဲ့စွာ ထပ်မံပြီး လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် အင်မတန် ထိခိုက်နာကျင်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ခဲ့တဲ့ “ဘေးအန္တရာယ်ကာကွယ်ရေးရန်ပုံငွေ” ကို အခုလို အရေးပေါ်အခြေအနေမှာ လိုအပ်နေတဲ့ ပြည်သူပြည်သားတွေအတွက် စစ်အာဏာရှင်အစိုးရက အကျိုးရှိရှိ ထောက်ပံ့ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီး အဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ်လည်း စိုးရိမ်ပူပန်ကြောင်း၊ စစ်အာဏာရှင်ရဲ့ ထိန်းချုပ်ကန့်သတ်မှုမထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီတွေ မြန်မာပြည်သူတွေ အမြန်ဆုံး ရသင့်တယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက် နေ့လယ်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၆၉၄ ယောက်အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၁၆၇၀ ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး ငလျင်ဘေးသင့်ဒေသမှာ အရေးပေါ်အခြေနေကြေညာထားပါတယ်။