Home
မြန်မာသတင်း
မြန်မာ၊ ထိုင်း ငလျင်ဘေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၅ သန်းသုံးမည်၊ ဝမ်းနည်းကြောင်း ဂူတာရက်စ် ပြော
DVB
·
March 29, 2025
Photo: Reuers

မြန်မာနဲ့ ထိုင်းနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့  အင်အားပြင်း မြေငလျင်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့  ကမ္ဘာတဝန်းက အတွေ့အကြုံရှိသူတွေနဲ့ ပံ့ပိုးမှုတွေ ပြုလုပ်သွားမယ်လို့ ကုလသမဂ္ဂရဲ့ အရေးပေါ်ကယ်ဆယ်ရေးမှူးက တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနဲ့ စစ်ကိုင်းအနီးကို ဗဟိုပြုပြီး မနေ့ မွန်းလွဲပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့်  လူရာနဲ့ချီ သေဆုံးကာ ထောင်ချီ ဒဏ်ရာရခဲ့တာပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း ငလျင်ကြောင့် ဆောက်လက်စ အထပ်မြင့် အဆောက်အဦ ပြိုကျလို့ မြန်မာအလုပ်သမားတွေအပါအဝင် ဆောက်လုပ်ရေးအလုပ်သမား ၈၀ ကျော် ပျောက်ဆုံးနေတယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ငလျင်ဒဏ်ခံရတဲ့ဒေသတွေနဲ့ ပတ်သက်ပြီး ဝမ်းနည်းစကား ပြောကြားခဲ့ကာ ကုလသမဂ္ဂက အမြန်ဆုံး ပံ့ပိုးမှုတွေ ပြလုပ်သွားမယ်လို့ ပြောထားပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးရုံးချုပ်ကလည်း ကယ်တင်မှုတွေ ပြုလုပ်ဖို့ ဒေါ်လာ ၅ သန်း ကနဦး ခွဲဝေပေးထားတယ်လို့ OCHA အကြီးအကဲ ဖလက်ချာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရှမ်းနဲ့ တခြားနေရာတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းတွေမှာ ဖော်ပြပါတယ်။

“ငလျင်ကြောင့် ထိခိုက်မိတဲ့နေရာတွေကို အကူအညီပေးဖို့ ကျနော်တို့ စဉ်းစားထားပါတယ်။ လူတွေ၊ အဆောက်အအုံတွေ၊ ချက်ချင်းအကူအညီလိုအပ်တာမျိုးတွေ စတဲ့ သတင်းအချက်အလက် စုစည်းပြီး အကူအညီပေးဖို့ စဉ်းစားထားပါတယ်။ ရနိုင်တဲ့ သတင်းအသစ်တွေကိုလည်း ဝေမျှသွားမှာပါ” လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ကုလ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် တာဝန်ရှိသူ မတ်သရူးက  “မြန်မာနိုင်ငံမှာ ငလျင်လှုပ်တာက အဆိုးရွားဆုံးအချိန်ကို ဖြစ်ပေါ်စေပါတယ်။ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ တယောက်က စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေချိန်မှာ ဒီလို ဘေးအန္တရာယ်ကြီး ကျရောက်တာကို ခံနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

မက်သရူးက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှာ အသင့်စား အစားအသောက်တွေ ရှိကြောင်းနဲ့ လိုအပ်တဲ့နေရာတွေကို ပံ့ပိုးသွားမှာပါလို့ ထပ်မံပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ကလည်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေပြီး လူဦးရေ သန်း ၂၀ လောက် ကူညီမှုတွေ လိုအပ်နေပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၅ သန်းဝန်းကျင်ကလည်း စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဖြစ်နေပါတယ်လို့ ကုလသမဂ္ဂအဖွဲ့က ဖော်ပြပါတယ်။

Source: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013