Home
မြန်မာသတင်း
ဘုရားသုံးဆူထွက်ပေါက်နေ ထိုင်းကို ဝင်ရောက်သူ ၁ သိန်းကျော်ရှိ၊ ၂၀၀၀ ကျော် ပြန်ပို့ခံရ
DVB
·
March 29, 2025

စစ်မှုထမ်းဥပဒေ ထွက်ရှိပြီးနောက် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူ နယ်စပ်ထွက်ပေါက်ဂိတ် တခုတည်းကနေ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာသူ ဦးရေဟာ ၁၁၅,၆၈၅ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနရဲ့ မတ်လ ၂၈ ရက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီရဲ့ ရှင်းလင်းပြောဆိုချက်ထဲမှာတော့ ဘုရားသုံးဆူ နယ်စပ်ထွက်ပေါက်တခုတည်းက ထိုင်းဘက်ကို ဝင်ရောက်လာသူ တသိန်းကျော်ထဲ ၁၈ နှစ်ကနေ ၃၅ နှစ်ထိ လူငယ်တွေက အများဆုံးဖြစ်ပြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲက လူငယ်တွေက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေထဲ CTUM ရဲ့ အချက်အလက်တွေကို ကိုးကားပြီး တင်ပြရရင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးချိန်ကနေ ၂၀၂၅ ခု မတ် ၈ ရက်အထိကို ဘုရားသုံးဆူ နယ်စပ်ထွက်ပေါက် တခုတည်းကနေ ၁၁၀,၀၀၀ ကျော် ဝင်ရောက်တာမှာ အသက် ၁၈ နှစ်အောက်တွေလည်း ပါတယ်၊ အသက် ၁၈ ကနေ ၃၅ နှစ်ထိကတော့ ၆၈ ရာခိုင်နှုန်းနဲ့ ဒါဟာ အများဆုံးဖြစ်နေတယ်၊ အဓမ္မစစ်မှုထမ်းကြောင့် ရှောင်ပြေးရတာ သိသာပါတယ်။”

ထိုင်းနိုင်ငံဘက်ကို ဘုရားသုံးဆူ နယ်စပ်ထွက်ပေါက်ကနေ ဝင်ရောက်လာသူတွေထဲ အသက် ၁၈ နှစ်အောက်က ၇.၄ ရာခိုင်နှုန်း၊ အသက် ၁၈ ကနေ ၃၅ နှစ်အထိက ၆၈ ရာခိုင်နှုန်း နဲ့ အသက် ၃၅ နှစ်နဲ့အထက်က ၂၄.၆ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲ ဖမ်းဆီးခံရပြီး ရနောင်းက ကော့သောင်းဘက်ကို ပြန်ပို့တာမှ ၂၀၂၄ ခုနှစ်ထဲမှာ ၁၄ ကြိမ် ၂၀၀၅ ယောက်နဲ့ ၂၀၂၅ ခုနှစ် ၂ လအတွင်းမှာ ၂၃၁ ယောက် စုစုပေါင်း ၂၂၃၆ ယောက် ရှိခဲ့တယ်လို့ NUG ရဲ့ စောင့်ကြည့်လေ့လာတဲ့စာရင်းတွေအရ သိရပါတယ်။

ဒုဝန်ကြီး ဦးကျော်နီက “ကျနော်တို့ဝန်ကြီးဌာနမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အထောက်အထားကိစ္စတွေ ကျနော်တို့ မဆောင်ရွက်ပေးနိုင်သေးပါဘူး။ စစ်ကောင်စီရဲ့ အဓမ္မအခွန်ကောက်ခံမှု ကိစ္စတွေ ငွေလွှဲပို့မှုကိစ္စတွေလည်း အပြည့်အဝ မတားဆီးပေးနိုင်သေးပါဘူး။ ပြီးတော့ အဓမ္မစစ်မှုထမ်းကြောင့် ထွက်ပြေးလာတဲ့ အလုပ်သမားတွေနဲ့ အထောက်အထားမဲ့ ဖမ်းဆီးခံရပြီး အဓမ္မပြန်ပို့ခံရတဲ့ မြန်မာတွေကိုလည်း အပြည့်အဝ မတားဆီးနိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ထိုင်းနိုင်ငံတွင်း ပြုလုပ်ခဲ့တဲ့ ရက် ၁၂၀ စီမံချက်ကြောင့် တရားမဝင်နေထိုင်သူ ၂၁၀,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး မြန်မာ ၁၅၅,၆၆၉ ယောက် ပါဝင်ခဲ့တယ်လို့ ထိုင်းအစိုးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013