
မလေးခွေးတွေက မြန်မာနိုင်ငံသားတွေအပေါ်မှာ သစ္စာရှိကြတယ်။ အနေနီးလို့လည်း ဖြစ်နိုင်ပါတယ်။ ခွေးချစ်တတ်တဲ့သူမို့လည်း ဖြစ်နိုင်တယ်။ မလေးကို ရောက်ရောက်ချင်း ဒီငါးကန်မှာ အလုပ်ရတယ်။ အလုပ်ရတယ်ဆိုပေမဲ့ တရားဝင်အလုပ်သမားတော့ မဟုတ်ဘူး။ တရားမဝင်ဘူး ဆိုကတည်းက ပြေးလွှားရှောင်ပုန်းရင်းနဲ့ အလုပ်လုပ်ရမှာက ဖြစ်ရိုးဖြစ်စဉ်တခုပဲ။
သူ့ကို ပေါ်ကြီးလို့ ခေါ်တယ်။ ရွာမှာတော့ အခုလိုပဲ ခေါ်ကြတာ။ သူ့နာမည် အပြည့်အစုံကိုတောင် ရွာကလူတွေ မေ့ချင် မေ့နေလောက်ပြီ။ ပေါ်ကြီးလို့ အဖျားဆွတ်ခေါ်တဲ့ နာမည်ကိုပဲ သိကြတော့တာ။ မလေးကိုရောက်တော့ ဒီနာမည်ကို မသုံးတော့ဘူး။ မလေးနာမည်တခု ပေးရတယ်။ မလေးနာမည်ပေးဖို့ ငါးကန်အလုပ်ရှင် တရုတ်သူဌေးက ပြောလာတဲ့အတွက်ကြောင့်ပါ။
ပေါ်ကြီးတို့ အလုပ်လုပ်ရတဲ့ ငါးကန်က ပီနန်းတံတားနဲ့ မလှမ်းမကမ်း တနေရာမှာပါ။ ညဘက်ဆို ပီနန်းတံတားပေါ်က မီးသွယ်တန်း ထွန်းညှိထားတာကို အတိုင်းသားမြင်ရတယ်။ အလုပ်လုပ်ရတဲ့ ငါးကန် ဆိုတာကလည်း ပီနန်းတံတားထိုးထားတဲ့ မြစ်ဘေးတနေရာမှာပဲ။
ငါးကန်ဆိုတာက ကုန်းပေါ်မှာ ကန်တူးပြီး ငါးမွေးတာ မဟုတ်ဘူး။ မြစ်ထဲမှာပဲ ပိုက်ကွန်တွေ ကာရံပြီးတော့ ငါးမွေးတဲ့နေရာပါ။ ရေပြင်ပေါ်မှာပဲ ဘောတံတားလုပ်ပြီး ကန်လို အကန့်လုပ် ငါးမွေးတာ။ မြန်မာနိုင်ငံမှာဆို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းက ကဏန်းမွေးမြူရေးကန်၊ တနင်္သာရီတိုင်းက ပင်လယ်ထဲ ငါးမွေးကြတဲ့ ကန်တွေလိုပေါ့။
မလေးကို ရောက်ကတည်းက ငါးကန်လုပ်ထားတဲ့ ဖောင်တွေပေါ်မှာပဲ နေရတာ။ လကုန်လို့ လစာထွက်တဲ့အချိန်မှပဲ ကုန်းပေါ်တက်ပြီး အိမ်ကိုငွေလွှဲတာတွေ လုပ်ရတယ်။ တလ တခါတော့ ကုန်းပေါ်မှာ လမ်းတက်လျှောက်ခွင့်ရတဲ့ သဘောပါ။
နေ့စဉ် မိုးလင်းက မိုးချုပ် ရေပြင်ပေါ်က ငါးမွေးမြူရေးလုပ်ငန်းခွင်မှာပဲ နေကြရတယ်။ ဒီနေရာအိပ်၊ ဒီနေရာစား၊ ဒီနေရာမှာပဲ အလုပ်လုပ်ကြရတယ်။ ညပိုင်းရောက်ရင်တော့ ပီနန်းတံတားက အလင်းရောင်ကို ကြည့်ပြီး ရွာကို အလွမ်းဖြေပေါ့။
ဒီလိုနေရာက ပေါ်ကြီးအတွက် မစိမ်းလှပါဘူး။ ရွာမှာ ငယ်ဘဝကနေ လူပျိုပေါက်အရွယ်ထိ ဧရာဝတီမြစ်ရဲ့ မြစ်ဘေးတနေရာက ရွာတရွာမှာ နေလာခဲ့တာပါ။ သူတို့နေတဲ့အနားက မြစ်ကို စစ်တပ်မှာ ထောက်လှမ်းရေးအကြီးအကဲလို့ နာမည်ကြီးတဲ့ ဦးခင်ညွန့်လက်ထက် တံတားထိုးတဲ့ စီမံကိန်းတခုကို လုပ်ခဲ့တာ။
မြန်မာနိုင်ငံမှာ အရှည်ဆုံးတံတား စာရင်းဝင်လည်း ဖြစ်တယ်။ သူတို့နေတဲ့ရွာကနေ လှမ်းကြည့်ရင် တံတားစတည်ဆောက်ခါစ တိုင်ဖြူဖြူတွေကို မြင်ရတယ်။ တံတားကြီး ဆောက်လုပ်ပြီးသွားတော့ ခါတိုင်းလို ဇက် လို့ခေါ်တဲ့ စက်တပ်ယာဉ်နဲ့ မကူးရတော့ဘူး။ တံတားကြီးက အခု ပီနန်းတံတားလိုတော့ မခမ်းနားဘူးပေါ့။ တိုးတက်တဲ့နိုင်ငံမှာတော့ တံတားကို တခမ်းတနား မီးဆိုင်းတွေနဲ့ အလှဆင်ထားတယ်။ ပီနန်းတံတားက မီးအလင်းရောင်က ရွာလွမ်းစိတ်ကို ဖြေဖျောက်ပေးခဲ့ပါတယ်။
ငါးမွေးမြူရေးကန်မှာ ငါးဖော်တာ၊ ငါးစာကျွေးတာ၊ ကန်လှယ်တာ၊ ကန်သန့်တာတွေ လုပ်ရတယ်။ ငါးကန်ဖော်တော့ ကန်ထဲမှာပဲ စက်လှေတွေနဲ့ လာသယ်သွားတာ။ ဖော်သမျှ ငါးတွေ အရောင်းအဝယ်လုပ်တာလည်း ဒီဖောင်ပေါ်မှာပဲ။ ရွာမှာလို ငါးကန်ထဲက ငါးတွေကို ဖမ်းပြီး ကုန်းပေါ်ကို ထမ်းတင်ပေးရတာမျိုးတော့ မဟုတ်ဘူး။ အခုက ကုန်းပေါ်လည်း မတက်ရဘူး။ ကုန်းပေါ်ကို အကြောင်းမရှိ တက်လို့မရဘူး။ တရုတ်သူဌေးက ဖြစ်နိုင်ရင် ကုန်းပေါ်ကို ပေးမတက်ဘူး။ ပေါ်ကြီးတို့လို တရားမဝင် အလုပ်သမားတွေကို ရဲက မိသွားရင် သူဌေးရဲ့အလုပ်ကိုပါ ထိခိုက်လာနိုင်လို့ပဲ။
ဒီလိုအလုပ်တွေ လုပ်ရတာက တအေးတဆေး စိတ်ချလက်ချ လုပ်ရတာတော့ မဟုတ်ဘူး။ အိုဗာစတေးသမားကို အမဲလိုက်သလို ဖမ်းမယ့်ဆီးမယ့် ရဲတွေ အချိန်မရွေး ပေါ်လာနိုင်တယ်။ ဒါမျိုးက မကြာခဏ ကြုံနေရတတ်တာ။
ငါးမွေးမြူရေးလုပ်တဲ့နေရာကို အော်ပရာဇီဖမ်းတာ အကြိမ်ရေ မနည်းတော့ဘူး။ သူ ဒီကိုစရောက်ကတည်းက ဝင်ဖမ်းတဲ့အကြိမ်ရေက ဘယ်နှကြိမ်ရှိပြီ ဆိုတာကိုတောင် မမှတ်မိတော့ဘူး။
မလေးရဲတွေက တရားမဝင် နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေကိုပဲ ဖမ်းတာ။ ခွေးတွေကို မဖမ်းဘူး။ ပေါ်ကြီးတို့ ငါးမွေးမြူရေးဖောင်ပေါ်မှာ ခွေးတကောင် ရှိတယ်။ အရောင်က အနက်ဘက်သမ်းတယ်။ မြန်မာတွေအခေါ်မှာတော့ ဒီခွေးအမျိုးအစားကို လေးလုံးလို့ ခေါ်တယ်။ မလေးမှာတော့ ဘယ်လိုခေါ်လဲတော့ မသိဘူး။ ပေါ်ကြီးက ခွေးချစ်တတ်တဲ့သူ။ ရွာမှာနေကတည်းက ကိုက်ပါတယ်ဆိုတဲ့ ခွေးရှိတဲ့အိမ်ကို အဝင် အထွက် လုပ်ရဲတယ်။ တော်ရုံလူ အနားမကပ်ရဲတဲ့ ခွေးတွေဆို ပေါ်ကြီးမို့ အနားရောက်လိုက်တာနဲ့ အမြီးနှန့်ပြတာမျိုးတွေ လုပ်တယ်။
မလေးကို ရောက်တော့ ဒီဖောင်ပေါ်မှာ ခွေးလေးလုံးတကောင်နဲ့ စပြီးရင်းနှီးတာလည်း သူပဲ။ ခွေးတွေကို စပြီး ဘယ်လိုရင်းနှီးအောင် လုပ်ရမလဲဆိုတာ သူ ကျွမ်းကျင်တဲ့ အလုပ်လို့တောင် ပြောလို့ရတယ်။ ပေါ်ကြီးနဲ့ လေးလုံးတို့ရဲ့ ရင်းနှီးမှုက တဖြည်းဖြည်းနဲ့ သံယောဇဉ်တွယ်တဲ့ အခြေအနေကို အချိန်တိုလေးအတွင်းမှာ ရသွားတယ်။
ပေါ်ကြီးတို့ ငါးကန်လုပ်သားတွေ စိတ်ချလက်ချ အလုပ်လုပ်လို့ရအောင် စောင့်ရှောက်ပေးတယ်။ မလေးရဲတွေက ငါးကန်လုပ်သားတွေကို လာဖမ်းရင် မမိအောင် လေးလုံးက အချက်ပြပေးတာ၊ ရဲတွေကို ဟန့်တားပေးတာတွေ လုပ်ပေးတယ်။
မလေးရဲတွေ ငါးကန်ထဲ ဝင်လာပြီဆို လေးလုံးက အချက်ပြ အသံပေးတယ်။ ရဲတွေလာရင် ဟောင်သံတမျိုး၊ ငါးကန်ကို လူတယောက်ယောက် ကပ်လာရင် ဟောင်သံတမျိုး။ ငါးကန်ဘေး လူသေအလောင်း မျောလာရင် ဟောင်သံတမျိုး ဆိုပြီး ဟောင်သံအမျိုးအစား ကွဲတယ်။ ဒီလို အမျိုးအစားကွဲတဲ့ ဟောင်သံကို ပေါ်ကြီးကလွဲရင် တခြားသူတွေ မခွဲခြားတတ်ဘူး။ ခွေးပိုင်ရှင် ငါးကန်သူဌေးကိုယ်တိုင်တောင် မသိဘူး။
ငါးမွေးမြူရေးလုပ်နေတဲ့ ဖောင်ပေါ်ကို မလေးရဲတွေ ရုတ်တရက် ဝင်လာတယ်။ အချိန်က ညနေပိုင်းပါ။ ဖောင်ပေါ်က လုပ်သားတွေ ပိုက်ဖော်နေကြတဲ့အချိန်။ လေးလုံးတကောင် ပေါ်ကြီးတို့လုပ်သားတွေကို ဟောင်သံနဲ့ အချက်ပြတယ်။ တဖက်မှာလည်း မြစ်ဆိပ်ကမ်းပေါ်က ဆင်းလာတဲ့ ရဲတွေကို ဟန့်တားတဲ့သဘောနဲ့ လုပ်ပေးတယ်။ ငါးကန်ဘက် ပြေးလာပြီး လုပ်သားတွေဘက် အသံပေးလိုက်၊ ကမ်းဘက်ပြေးပြီး မလေးရဲတွေကို ဟန့်တားလိုက်နဲ့ လေးလုံးတကောင် အလုပ်ရှုပ်နေရှာပါတယ်။ ဒါက ရဲတွေလာရင် သူ လုပ်နေကျ၊ အသံပေးနေကျလို့တောင် ပြောလို့ရပါတယ်။
မလေးရဲတွေ ဖောင်ပေါ် ရောက်လာတော့ လုပ်သားတွေ တယောက်တလေမှ မရှိတော့ဘူး။ ရဲတွေလာရင် စည်ပိုင်းထဲ ဝင်ပြေးကြဖို့ သူဌေးက မှာထားတယ်။ စည်ပိုင်းထဲမှာ ပိုက်သုံးခု အပြင်ကို သွယ်ထားတယ်။ စည်ပိုင်းထဲကို သုံးယောက်ပဲ ဝင်နေလို့ရတယ်။ ပိုက်သုံးခုက အသက်ရှူလို့ရအောင် သွယ်ထားပေးတာ။ အခြေအနေတွေ တည်ငြိမ်မှပဲ စည်ပိုင်းထဲကနေ ထွက်လို့ရတယ်။ စည်ပိုင်းထဲက ထွက်ဖို့အတွက်လည်း အပြင်လူ အကူအညီမပါဘဲ ထွက်လို့မရဘူး။ တယောက်ယောက်က အပြင်မှာ ရှိနေမှ ရတာ။
မလေးရဲတွေက ဖောင်ရဲ့ လေးဘက်လေးလံကို လိုက်ကြည့်ကြတယ်။ မသင်္ကာစရာတော့ မတွေ့ရဘူး။ စိတ်ကြိုက်လိုက်ကြည့်ပြီးတော့ ကမ်းပေါ်ပြန်တက်သွားကြတယ်။ မလေးရဲတွေ ကမ်းပေါ်ပြန်တက်သွားပြီး ထွက်သွားကြတဲ့ မြင်ကွင်းကို လေးလုံးကပဲ အနောက်ကနေ လိုက်ကြည့်တယ်။
ရဲတွေ တယောက်မကျန် ပြန်ထွက်သွားတာကို ကြည့်ပြီး ချက်ချင်းတော့ ဖောင်ဘက်ကို ပြန်မဆင်းဘူး။ အတွေ့အကြုံအရ မလေးရဲတွေက အယောင်ပြပြီး ပြန်လှည့်လာတတ်တယ်။ ဒါကို သိထားတာကြောင့် လေးလုံးက ချက်ချင်းကြီး ဖောင်ဘက်ကို ပြန်မဆင်းတာ။
အချိန်တခုအထိ စောင့်ကြည့်ပြီးရင်တော့ ပေါ်ကြီးတို့ လုပ်သားတွေ ရှိရာနေရာကို ပြန်ပြေးလာတယ်။ ရဲတွေ ကင်းစင်သွားပြီဆိုတဲ့ အထာနဲ့ အပြင်က လူတယောက်ယောက်ကို အချက်ပြ အသံပေးလိုက်တယ်။ ဒါဆိုရင် စည်ပိုင်းထဲ ပုန်းခိုနေသူတွေကို တယောက်မကျန် လိုက်ဆွဲထုတ်ရတယ်။ ပေါ်ကြီးတယောက် စည်ပိုင်းထဲက ထွက်လိုက်တာနဲ့ လေးလုံးက ဝမ်းသာအားရနဲ့ ဆီးကြိုတယ်။ ဒါမျိုးဖြစ်စဉ်တွေကို အကြိမ်ရေ မတွက်နိုင်အောင် ကျော်လွှားခဲ့ပြီးပါပြီ။ ဒီတကြိမ်က ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။
လေးလုံးလည်း အငိုက်မိတဲ့အခြေအနေတွေ ရှိပါတယ်။ တခါကဆို အလုပ်နားချိန်မှာ လုပ်သားတွေကြားမှာ သူ ပလူးပလဲ လုပ်နေတဲ့အချိန် ရဲတွေ ဖောင်ပေါ်ရောက်လာတယ်။
လူတယောက်က အချက်ပြလိုက်တော့ အကုန်လုံးက ခါတိုင်းလိုပဲ စည်ပိုင်းထဲကို ပြေးဝင်ကြတယ်။ ဒီတခါတော့ ပေါ်ကြီးနဲ့ လေးလုံးတို့ စည်ပိုင်းထဲ ရောက်သွားကြတယ်။ ရဲတွေ လာရင် ဘယ်လို ပုန်းရသလဲ ဆိုတာကို အဲဒီလိုအချိန်မျိုးမှာ သူ ပိုသိသွားပုံရတယ်။ ရဲတွေ ဖောင်ပေါ်မှာ စစ်ဆေးနေချိန် ပေါ်ကြီးက သူ့ကို အသံမထွက်ဖို့ အချက်ပြတယ်။ သူကလည်း ရဲတွေ ပြန်သွားလို့ လုပ်သားတွေ စည်ပိုင်းအပြင်ရောက်တော့မှပဲ ဝမ်းသာအားရ အသံထွက်တော့တယ်။
ရွှေ့ပြောင်းလုပ်သားတွေအဖို့ အထောက်အထားရှိသူရော၊ အထောက်အထား မရှိသူပါ ရဲထရော်မာ ရှိကြတယ်လို့ ကြားဖူးတယ်။ ရဲတွေ လိုက်ဖမ်းလို့ ပြေးရတယ် ဆိုတာကို တမျိုးနဲ့တမျိုး မရိုးအောင် ကြားနေရတာ ဖြစ်ပါတယ်။ ကိုယ်တွေ့ကြုံရသူအဖို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသလို တဆင့်ခံကြားရသူတွေလည်း ရဲထရော်မာကို ရသွားစေနိုင်လောက်ပါတယ်။ လူတွေချည်းပဲလား ဆိုတော့ မဟုတ်ပါဘူး။ ခွေးတွေပါအစ ရဲဖမ်းရင် ပြေးရမယ်၊ ပုန်းရမယ် ဆိုတာ သိနေကြလို့ပါပဲ။