ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို မတ် ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်လောက်မှာ မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့တယ်လို့ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးကနေ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံနေရတဲ့ကြားကနေ ထိုင်းနိုင်ငံဘက်က ဆက်လက်နေရပ် ပို့ဆောင်နေပြီး ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဖမ်းဆီးမခံရဖို့ကို သတိထားနေရတယ်လို့ ရနောင်းမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။
“နောက်ပိုင်း ဒီကိစ္စတွေကို သိပ်မသိရတော့ဘူး၊ တချို့လူတွေကလည်း ဒီကိစ္စကို အရေးသိပ်မထားတော့ဘူးလေ။ အားလုံးက ဖမ်းမခံရအောင်နေမယ်၊ ကိုယ်မိရင်ကိုယ်ခံကြ ဆိုတဲ့ စိတ်မျိုးတွေပဲ ဖြစ်နေကြပြီ။ ဒီအကြောင်းတွေကို လိုက်မေးကြည့်ရင် တော်တော်များများက မသိဘူးပဲ ပြောကုန်ကြတယ်။”
နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ထဲမှာ အမျိုးသား ၂၃၆ ယောက်နဲ့ အမျိုးသမီး ၃၄ ယောက် ပါဝင်ပြီး ပို့ဆောင်ခံရပြီး နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘဲ DVB က စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီမတိုင်ခင် ရှေ့လပိုင်းတွေတုန်းက နေရပ်ပို့ခံရတဲ့သူတွေကိုတော့ကော့ သောင်းမြို့အားကစားရုံ မှာ စစ်ဆေးမှုတချို့လုပ်ပြီးနောက် အသက်ပြည့်ပြီး မွေးရာပါရောဂါမရှိတဲ့သူတွေအား စစ်မှုထမ်းခိုင်းဖို့ ခမရ ၄၃၁ တပ်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ထိုင်းနိုင်ငံမှာ သူ့ဥပဒေနဲ့သူ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ သူတို့ဘက်က လုပ်ပေးလို့ ရတဲ့အပိုင်းတွေ အများကြီးရှိတယ်လေ။ ဖမ်းမိပြီးနေရပ်ပြန်ပို့ခံရရင် စစ်မှုထမ်းခံရမယ်ဆိုတာ သူတို့ (ထိုင်း) ဘက်က သိထားတာပဲ။ သိသိလျက်နဲ့ ပြန်ပို့နေတာလေ။”
အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် အသက်ပြည့်တဲ့သူတွေကို စစ်မှုထမ်းဖို့ မြိတ်ဘက်ကို ခေါ်ဆောင်သွားကာ တိုက်/စည်း(ရွှေဒူးတပ်ရင်း)နားက ပညာရေးကျောင်းတခုမှာ ထိန်းသိမ်းခဲ့ပါတယ်။
အဆိုပါ ထိန်းသိမ်းခံရတဲ့နေရာကနေ အမျိုးသား ၁၆ ယောက် ထွက်ပြေးလာကြပြီး ၆ ယောက် ပြန်လည်ဖမ်းဆီးခံရကာ ၂ ယောက်ကတော့ မြိတ်မြို့နယ် ပကဖ တပ်ဖွဲ့ထံ လာရောက်ခိုလှုံခဲ့ကြတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူဆီက သိရပါတယ်။