Home
မြန်မာသတင်း
ချွန်းပူးရီးတွင် မြန်မာ ၁ ဦးအပါအဝင် ထိုင်းမှတ်ပုံတင်တုပြုလုပ်သည့်ဂိုဏ်း ဖမ်းမိ 
DVB
·
March 11, 2025

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်ထဲမှာ မြန်မာအမျိုးသမီးနဲ့ တရုတ်အမျိုးသား စုံတွဲတို့ ပါဝင်တဲ့ ထိုင်းမှတ်ပုံတင်အတု ပြုလုပ်တဲ့ဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။ 

ထိုင်းမှုခင်းရဲတပ်ဖွဲ့နဲ့ ဆာဗာရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ “CIB Game On” စီမံချက်အရ ရာဇဝတ်မှုနှိမ်နင်းရေးအတွက် ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ ၇ ခရိုင်ရှိ နေရာပေါင်း ၁၁ ခုကို ဝင်ရောက်စစ်ဆေးရာမှာ ထိုင်းမှတ်ပုံအတုပြုလုပ်တဲ့ ဂိုဏ်းကိုပါ ဖမ်းဆီးခဲ့တယ်လို့  မှုခင်းတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ဆူရိယဆဒ် ကျီရာဝပ်ကပြောပါတယ်။ 

Ms.Aye Sant ဆိုသူ အသက် ၃၀ နှစ်ရွယ် မြန်မာအမျိုးသမီးနဲ့ Mr. Li Zhijun ဆိုသူ ၄၃ နှစ်ရွယ် တရုတ်အမျိုးသားတို့စုံတွဲဟာ  ထိုင်းမှတ်ပုံတင်လုပ်လိုက ဆက်သွယ်နိုင်ကြောင်း လူမှုကွန်ရက်မှာ တရုတ်ဘာသာနဲ့ ကြော်ငြာပြီး တရုတ်နိုင်ငံသားတွေကို ထိုင်းမှတ်ပုံတင်လုပ်ပေးကြောင်း စုံစမ်း သိရှိရတယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်ရှေ့က သူတို့ဆီမှာ ထိုင်းမှတ်ပုံတင်လုပ်ခဲ့တဲ့ တရုတ်အမျိုးသားတယောက်က ရဲစခန်းမှာ လာရောက်တိုင်ကြားထားတာရှိတယ်။  သူဟာ  အဲဒီစုံတွဲကိုဆက်သွယ်ပြီး အခကြေးငွေ ဘတ် ၁ သန်းနဲ့  ထိုင်းမှတ်ပုံတင်ကတ်လုပ်ခဲ့တယ်။ အဲဒီစုံတွဲက ထိုင်းပွဲစား နိုင်းလီနဲ့ပေါင်းပြီး သူ့ကို ထိုင်းအရှေ့ မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားမြို့နယ် စည်ပင်ရုံးတခုကို ခေါ်သွားတယ်၊ အဲဒီရုံးမှာ လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပြီးတာနဲ့  ထိုင်းမှတ်ပုံတင်ကတ်ပြားရလာခဲ့တယ်လို့ သိရပါတယ်။ 

မှတ်ပုံတင်ရပြီးမကြာခင် ဘန်ကောက် ကျဲန့်ဝပ်ထနနယ်မြေမှာ နိုင်ငံကူးလက်မှတ်သွားလုပ်တယ်၊ ပွဲစား နိုင်းလီကသူ့ကိုလိုက်ပို့ခဲ့ပြီး ပတ်စပို့လုပ်ဖို့ စောင့်ဆိုင်းနေစဉ် ထိုင်းရဲ ၃ ယောက်ဝင်လာပြီး သူ့မှတ်ပုံတင်စစ်ဆေးကာ မှတ်ပုံတင်အတုလို့ပြောပြီး ဖမ်းခေါ်သွားခဲ့ပါတယ်။

ဒီနောက် ရဲစခန်းမဟုတ်တဲ့တနေရာမှာခေါ်သွားပြီး ထောင်မကျချင်ရင် ဘတ် ၅ သန်းပေးရမယ်လို့ပြောတဲ့အတွက် သူကလည်း အဖမ်းခံရမှာကြောက်လို့ ဘတ် ၂ သန်းနဲ့ ဆစ်ပြီး ညည့်သန်းခေါင်ကျော်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဖြစ်ပွားခဲ့ပေမဲ့ အဖမ်းခံရမှာစိုးလို့ မတိုင်ရဲကြောင်း၊ ဒါပေမဲ့ သူ့အပြင် တခြားတရုတ်တွေလည်း ဒီလိုကြုံရတယ်၊ သူ့ကိုလာဖမ်းတဲ့ ရဲတွေနဲ့  ပွဲစား နိုင်းလီတို့ ပူးပေါင်းကြံစည်တာသိရပြီး မခံမရပ်နိုင်လို့ လာတိုင်ရတာလို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးရာမှာ မှတ်ပုံတင်တုလုပ်ဆောင်ရာမှာ အစိုးရဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတယ်လို့ သိရတယ်၊ နစ်နာသူရဲ့ မှတ်ပုံတင်နံပါတ်ဟာ ထိုင်းရွာသားတယောက်ရဲ့ မှတ်ပုံတင်နံပါတ်ဖြစ်ပြီး  တရုတ်အမျိုးသားက မှတ်ပုံတင်ရိုက်ပြီး နောက် ၂ ရက်အကြာ ထိုင်းရွာသားက နောက်ထပ်မှတ်ပုံတင်အသစ် ပြန်လာရိုက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မိမိမှတ်ပုံတင်နံပါတ် ပြန်ရောင်းစားတဲ့ ထိုင်းရွာသားကိုရော မှတ်ပုံတင်ရုံးက ဝန်ထမ်း တချို့ပါ ခေါ်ယူစစ်ဆေးနေပါတယ်။ 

သူ့ကိုငွေညှစ်ခဲ့တဲ့ ရဲ ၃ ယောက်နဲ့ ကြံရာပါနောက်ထပ် ရဲတယောက် စုစုပေါင်း ၄ ယောက်ကို တာဝန်ကျနေတဲ့ ဘန်ကောက် အကျဉ်းထောင်မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက  Ms.Aye Sant နဲ့  Mr. Li Zhijun တို့ကို ချွန်းပူးရီးခရိုင်၊ ဆီရားချားမြို့မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး သူတို့ဆီကနေ ဘဏ်ငွေစုစာအုပ် ၁၄ အုပ်၊ တရုတ်ငွေ ၈၅၀၀ ယွမ်၊ ATM ၅ ကတ်၊ လက်ကိုင်ဖုန်း ၁၄ လုံး ၊ Tablet ခု ၊ ကွန်ပျူတာ ၉ လုံး၊ ကား ၂ စီး၊ ရွှေပါတဲ့လက်ဝတ်လက်စား ၅ မျိုး၊ ထိုင်းမှတ်ပုံတင်တု ၂ ခု၊ ပတ်စပို့နဲ့ စာရွက်စာတမ်းစုစုပေါင်း ၁၉၀ မျိုး ဖမ်းဆီး သိမ်းဆည်းလိုက်ပါတယ်။

ဆက်လက်စစ်ဆေးချက်အရ ပွဲစားနိုင်းလီဟာ တရုတ်နိုင်ငံကနေ တရုတ်ယွမ်သန်းပေါင်း ၁၅,၀၀၀ လောက်နဲ့ လိမ်လည်မှုနဲ့ ထွက်ပြေးနေတဲ့ ဝရမ်းပြေးတယောက် ဖြစ်တယ်၊ လိမ်လည်မှုနဲ့ ပတ်သက်လို့ နစ်နာသူ ၃၀၀၀ ကျော်တယ်၊ သူကတော့ ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ဝင်လာခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာအမျိုးသမီး Ms.Aye Sant နဲ့တွေ့ပြီး ဆယ်နှစ်ခံ တောင်ပေါ်သား မှတ်ပုံတင်ကတ်လုပ်ကြတယ်၊ လုပ်ခ ဘတ် ၆၀,၀၀၀ စီပေးခဲ့ရတယ်။ ထိုင်းမှတ်ပုံတင်အတု လုပ်ပေးတဲ့ လုပ်ငန်းစဉ်မှာ  သူတို့စုံတွဲက တရုတ်နိုင်ငံသား ဖောက်သည်တွေ အဓိကရှာပေးတဲ့သူလုပ်တယ်။ ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီ ၅ ခု ဖွင့်ထားတယ်၊ အမည်ခံ ထိုင်းနိုင်ငံသားဟာ ဘာမှနားမလည်တဲ့ ရွာသားဖြစ်ပြီး အမည်ခံပေးခ ၁ လ ဘတ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ထိရတယ်၊ ကုမ္ပဏီမှာ ဘာလုပ်ငန်းမှ မယ်မယ်ရရ မရှိပါဘူး။

လောလောဆယ် သူတို့စုံတွဲကို  ဌာနဆိုင်ရာစာရွက်စာတမ်းနဲ့ မှတ်ပုံတင်တုပရာမှာ ပူးပေါင်းကြံစည်မှု၊ ကွန်ပျူတာဥပဒေ၊ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်အောင် လာဘ်ထိုးမှု၊ အများပြည်သူဆီက ငွေလိမ်လည်ယူမှု စတာတွေနဲ့ ကနဦး စွဲချက်တင်ထားတယ်။

ဒီလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်သူ နောက်ထပ် ၁၈ ယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ရှိသေးတယ်လို့ ရဲမှူးကြီး ဆူရိယဆဒ် ကျီရာဝပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ကိုးကား -  Thairath / NBT NewsHD

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013