
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ထဲမှာ ကျောင်းသားဗီဇာနဲ့နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှုလုပ်တဲ့ တရုတ်နိုင်ငံသား ၅ ယောက် ဖမ်းဆီးခံရကြောင်း ချနယ်လ် ၇ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆန်ဆိုင်းမြို့ ဆန်ဖာ့နစ်ရပ်ကွက်ရှိ တန်ဖိုးကြီးအိမ်ရာမှာ ငှားနေတဲ့ တရုတ်အိမ်သားတွေမှာ မသင်္ကာ ဘွယ်ရာရှိကြောင်း ဒေသခံတွေက အကြောင်းကြားတာကြောင့် သက်ဆိုင်ရာ လဝက၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့အတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က သွားရောက်စစ် ဆေးခဲ့တယ်လို့ အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ထီရဝပ်ချိုင်း ဖုန်းဝိဝတ်ချိုင်းက ဖေဖော်ဝါရီ ၂၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ တရုတ်နိုင်ငံသားအချို့ ကွန်ပြူတာရှေ့မှာ အလုပ်လုပ်နေပြီး တချို့က နားနေကြတယ်။ ကွန်ပြူတာကို စစ်ဆေးရာမှာတော့ အွန်လိုင်းလောင်းကစားဒိုင် ဖြစ်နေတယ်။ သူတို့ဆီမှာ ဝင်ကစားတဲ့ users ပေါင်း ၁၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ကွန်ပြူတာနဲ့ တယ်လီဖုန်း ၄၁ လုံးကို သိမ်းဆည်းလိုက်ပြီး အဲဒီမှာရှိနေတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ် ။
သူတို့ဟာ အဲဒီအလုပ်လုပ်နေတာ ၅ လရှိပြီဖြစ်ပြီး လောင်းကစားမှုဒိုင် Admin မှာ တလကို ဘတ် ၃၀ , ၀၀၀ ရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေကြတယ်။ ပညာသင်ဖို့ ယာယီ နေထိုင်ခွင့်ပြုလက်မှတ်နဲ့ အခုလို လောင်းကစားလုပ်နေတာကြောင့် တာဝန်ရှိသူက သူတို့ကို တပါးသူအား လောင်းကစားရန် ဖြားယောင်းသိမ်းသွင်းမှု၊ လောင်းကစားမှု၊ အီလက်ထ ရောနစ်ဥပဒေ၊ ခွင့်ပြုချက် (အလုပ်သမားကတ်) မရှိဘဲ အလုပ်လုပ်မှု၊ တရားမဝင် အလုပ်လုပ်မှု တွေနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source # CH7 News