
ကရင်ပြည်နယ်၊ မြဝတီမြို့ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းအလုပ်ရုံကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀ ကျော်ကို မြဝတီ အာရှလမ်းမကြီးပေါ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီးမိခဲ့တယ်လို့ မြဝတီမြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၀ နာရီကျော်လောက်က တရုတ်နိုင်ငံသား အယောက် ၃၀ ကျော်ဟာ မြဝတီမြို့ 3Star ဟိုတယ်လမ်းကြားကနေ လမ်းမကြီးအတိုင်း ထွက်ပြေးလာတာဖြစ်ပြီး အာရှလမ်း ဦးထွဋ် ကွမ်းယာဆိုင်အနီးမှာ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိခဲ့တဲ့ မြဝတီမြို့ခံတယောက်က “အမှတ် ၁ အာရှလမ်း မြဝတီ 3Star ဟိုတယ် လမ်းကြားကနေ ထွက်ပြေးလာတာ။ အာရှလမ်းအတိုင်းပြေးတာ အာရှလမ်းမပေါ်က အဲဗားဝမ်း လက်ဖက်ရည်ဆိုင်အနီးမှာ BGF တွေက ဖမ်းမိသွားတယ်။ ဘယ်နိုင်ငံသား ဆိုတာတော့ အတိအကျ မသိဘူး။ လူမျိုးကတော့ တရုတ်လူမျိုးတွေ၊ သူတို့က အင်္ဂလိပ်စကားမတတ်ဘူး၊ တရုတ်စကားပဲ ပြောတတ်တော့ ဘာဖြစ်လို့ပြေးလာလဲဆိုတာ မေးမရဘူး” လို့ DVB ကို ပြောပါတယ်။
တရုတ်နိုင်ငံသား အယောက် ၃၀ ကျော်ထဲက တချို့ဟာ ဖိနပ်တောင်မပါသလို တချို့ကလည်း အင်္ကျီတောင် မပါတာကြောင့် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ ခြေထောက်နဲ့ ကျောကုန်းတွေမှာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က စတင်ပြီး မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့သူတွေကို နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့် လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့က စစ်ဆင်ရေးတရပ်အနေနဲ့ နေရာပေါင်းစုံကနေ လိုက်လံ စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီကနေ လူဦးရေ ၂,၀၀၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်စေလွှတ်နိုင်ဖို့ စစ်ဆေးတာတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပထမအသုတ်အနေနဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။