Home
မြန်မာသတင်း
မြန်မာငလျင်ဘေးကူညီရန် တရုတ်ကယ်ဆယ်ရေးအဖွဲ့ လာရောက်
DVB
·
March 29, 2025

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးနဲ့ ဆေးကုသရေးအဖွဲ့ဝင် ၃၇ ယောက်ဟာ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အရေးပေါ်ကူညီဖို့ မတ် ၂၉ ရက် ဒီနေ့မနက် မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

တရုတ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဟာ ဒီမနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး အသက်ကယ်ကိရိယာ၊ ငလျင်ကြိုတင်သတိပေးစနစ်၊ ဒရုန်းနဲ့ တခြား ကယ်ဆယ်ရေးပစ္စည်း ၁၁၂ ခုကို သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၈ ရက် နေ့လယ်က မြန်မာနိုင်ငံမှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်လို့ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့ အပါအဝင် နေရာတော်တော်များများမှာ လူတွေ သေဆုံးခဲ့သလို အဆောက်အအုံ အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့လို့ တရုတ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်း စတင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ငလျင်ဒဏ်ရာရသူတွေကို ကူညီကုသပေးဖို့၊ ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ဖို့ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အလားတူ ကယ်ဆယ်ရေးမှာ အတွေ့အကြုံများပြီး ကျွမ်းကျင်သူတွေပါဝင်တဲ့  Blue Sky Rescue (ယူနန်) အဖွဲ့ဝင် ၁၆ ယောက်ဟာလည်း ယူနန်ပြည်နယ် ရွှေလီနယ်စပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ပြီး မူဆယ်မြို့ကို ရောက်လာတယ်လို့ဆိုပါတယ်။

ဒီအဖွဲ့နဲ့အတူ PPE အကာအကွယ်ပစ္စည်း၊ ဆေးဘက်ဆိုင်ရာအရေးပေါ်အထုပ်တွေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီး မီးပေးနိုင်တဲ့ကိရိယာ၊ မြို့ပြ ငလျင်ကယ်ဆယ်ရေးသုံး ကိရိယာများတွေ ယူဆောင်လာတယ်လို့ သိရပါတယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီဖို့ ညဉ့်နက်တဲ့အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာတဲ့ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013