
ပဲခူတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုထဲက သုံးပန်လှရှေးဟောင်း ကျောင်းတိုက်ကြီးဟာ မတ် ၂၈ ရက် နေ့လယ်ပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အရှေ့ဘက်ခြမ်းတခုလုံး ပြိုကျပျက်စီးသွားတယ်လို့ ပြည်မြို့ခံတွေဆီကနေ သိရပါတယ်။
ပြည်မြို့ခံတယောက်က “အခုငလျင်ကြောင့် ဒီမြို့နယ်ထဲ သုံးပန်လှအုတ်ကျောင်း အပါအဝင်တခြားနေရာတွေမှာလည်း ထိခိုက်ပျက်စီးတာတွေရှိခဲ့တာပေါ့ဗျာ။ ဒါပေမဲ့လည်း ရှေးဟောင်းအမွေအနှစ် လက်ရာတွေနဲ့ သမိုင်းဝင်ထင်ရှားတဲ့ သုံးပန်လှလက်သည်း ရေကန် ဘုန်းကြီးကျောင်းဝင်းထဲက သုံးပန်လှအုတ်ကျောင်းကြီးပြိုကျသွားတော့ အုတ်ကျောင်းကြီးမှာ ရှိခဲ့တဲ့ ပန်းတမော့လက်ရာတွေကတော့ နှမျောဖို့ကောင်းတယ်” လို့ပြောပါတယ်။
သုံးပန်လှအုတ်ကျောင်းကြီးဟာ နှစ်ပေါင်း ၃၀၀ ဝန်းကျင်သက်တမ်းရှိပြီး အင်းဝခေတ် စာဆိုတော် အရှင်မဟာရဌသာရ သီတင်းသုံးနေထိုင်ခဲ့သေးတယ်လို့လည်း သမိုင်းအထောက်အထားတွေအရ သိရပါတယ်။
ပြည်မြို့က အတွေ့အကြုံရှိ အသက် ၈၀ ကျော် အဘိုးအိုတယောက်က” ရှေးဟောင်းလက်ရာတွေကတော့ ဘယ်ပြန်ရနိုင်တော့မလဲ။ ဆုံးရှုံးခဲ့တာတွေလည်းရှုံးဆုံးခဲ့ပြီ။ ပြောချင်တာက ကာလကလည်း ပြည်သူကိုညှဉ်းပန်းနှိပ်စက်နေတဲ့ မင်းဆိုးမင်းညစ် အုပ်ချုပ်နေတဲ့ကာလဖြစ်နေတယ်။ ပြည်သူတွေမှာက သဘာဝဘေးအန္တရာယ်ကြောင့်လည်း အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးရပြန်တယ်။ အဲ့ဒီလိုခေတ်ဆိုးစနစ်ဆိုးကပ်ကြီးထဲကနေ ပြန်လည်ထူထောင်ရေးတွေလုပ်ကြရင် သမမာတဲ့သူတွေပေါ်လာကြစမြဲမို့လို့ ပြည်သူတွေအနေနဲ့ သတိထားဆောင်ရွက်သင့်တယ်” လို့ ပြောပါတယ်။
မတ် ၂၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်မှာ မန္တလေး မြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်ချ် တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့တာပါ။
ငလျင်ဒဏ်ကြောင့် လူတွေရာနဲ့ချီ ထိခိုက်သေဆုံးခဲ့ရသလို မန္တလေးမြို့က မယ်နုအုတ်ကျောင်း အပါအဝင် ရှေးဟောင်းအဆောက်အအုံတွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ အစိုးရရုံးအဆောက်အဦးတွေနဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးပြိုကျခဲ့ပါတယ်။