Home
မြန်မာသတင်း
ငလျင်လှုပ်အပြီး မန္တလေးတက္ကသိုလ်ပင်မဆောင်နှင့် စိန်ပန်းရပ်ကွက် မီးလောင်
DVB
·
March 29, 2025

မန္တလေးမြို့မှာ မတ် ၂၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်ပျက်စီးခဲ့လို့ Non CDM ပညာရေးဝန်ထမ်းအများအပြား ထိခိုက်သေဆုံးခဲ့သလို လူနေရပ်ကွက်တွေမှာလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီကနေ သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “ငလျင်လှုပ်ပြီးတော့ မန္တလေးတက္ကသိုလ်ထဲက ပင်မဆောင် တိုင်ခြောက်လုံးအရှေ့ဘက်ခြမ်းကနေစပြီးမီးလောင်ခဲ့တာ။ မီးစလောင်တဲ့အချိန်ကတော့ မီးငြှိမ်းမယ့်သူတွေ မရှိဘူး။ တော်တော်လေးလောင်ပြီးမှ မီးသတ်ကားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာကြတာဗျ” လို့ ပြောပါတယ်။

အဆိုပါ မန္တလေးတက္ကသိုလ်ပင်မဆောင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက Grade 12 (တက္ကသိုလ်ဝင်တန်း) စာမေးပွဲဖြေလွှာတွေ စစ်ဆေးနေတဲ့ ပညာရေးဝန်ထမ်း အများအပြားရှိနေကြတယ်လို့လည်း ဆိုပါတယ်။

မန္တလေးအခြေစိုက်လူမှုကူညီရေးအဖွဲ့ရဲ့တာဝန်ခံတယောက်က “မန္တလေးတက္ကသိုလ်ထဲက အခြေအနေကတော့ မွန်းလွဲပိုင်းလောက်မှာ မီးငြိမ်းသွားတယ်။ ပညာရေးဝန်ထမ်းတွေ ထိခိုက်သေဆုံးတာများတယ်ပဲ သိရသေးတယ်။ တမြို့လုံး အတိုင်းအတာအရ ပြောရရင်လည်း အပျက်အစီးနဲ့ ထိခိုက်သေဆုံးတာတွေ များတယ်ပေါ့ဗျာ။ ဘယ်နေရာမှာ ဘယ်လောက် ထိခိုက်သေဆုံးတယ်ဆိုတာ အတိအကျမသိရသေးဘူး။ အခုပြောနေကြတာတွေကတော့ ခန်းမှန်းခြေလောက်နဲ့ပဲ ပြောနေကြတာ။ ကျနော်တို့ အဖွဲ့အပါအဝင် ကူညီရေးအဖွဲ့တွေအ ားလုံးလည်း အခုညဦးပိုင်းအထိ ထိခိုက်တဲ့ သူတွေကို ဆေးရုံတွေ၊ ဆေးခန်းတွေဆီကို ပို့ပေးနေရတာနဲ့ အလုပ်တွေများနေတယ်။ ဒီဘက်အာဏာသိမ်းပြီးတဲ့ကာလမှာ ပရဟိတအဖွဲ့တွေ လျော့နည်းလာတာက အခုလိုသဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် နှောင့်နှေးကြန့်ကြာစေတာပေါ့ဗျာ။ ငလျင်လှုပ်ပြီးနောက်ပိုင်း မန္တလေးကတချို့နေရာတွေမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်ဗျ” လို့ပြောပါတယ်။

ငလျင်လှုပ်ခတ်အပြီး မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်မှုဖြစ်ပွားခဲ့သလို မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်မှာလည်း အကြီးအကျယ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါ ငလျင်လှုပ်အပြီး မန္တလေးမြို့နယ်က သံလျှက်မှော်အနောက်ရပ်ကွက်မှာ မီးလောင်ကျွမ်းခဲ့လို့  ရပ်ကွက်တခုလုံး နီးပါး မီးလောင်ပြာကျသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

မန္တလေးမြို့မှာ ငလျင်လှုပ်တာနဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ထိခိုက်ပျက်စီးသေဆုံးတဲ့ အခြေအနေတွေကိုတော့ DVB အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ် ၂၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်မှာ မန္တလေး မြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo: La Pyae Htun & Local

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013