Home
မြန်မာသတင်း
မင်းလှက စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေ၊ ဂိတ်ကိုပြင်နေစဉ် မိုင်းခွဲခံရပြီး ၁ ဦးထပ်သေ
DVB
·
March 22, 2025

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က စစ်ကောင်စီရဲ့ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးသွားပြီး ဂိတ်ကို ပြန်ပြင်နေတုန်းမှာ မိုင်းခွဲတာကြောင့် ၁ ယောက် ထပ်သေတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်-ပြည်  အဝေးပြးကားလမ်းဘေး၊ အုတ်တွင်းကျေးရွာနားက အဲဒီဂိတ်ကို မတ် ၂၀ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ နာရီ ၄၅ မိနစ်လောက် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူ ရဲဘော်တယောက်က DVB ကိုပြောပါတယ်။

“ကျနော်တို့ဘက်က အရင်စပစ်တာပါ၊ သူတို့ဘက်မှာက အင်အား ၃၀ လောက်ရှိတယ်၊ တိုက်ပွဲက နီးကပ်တယ်၊ ကားလမ်းပဲခြားတာ။ လက်နက်ချဖို့ပြောတာ မချဘူး။ ပြီးတော့ ဒီကောင်တွေ အလောင်းတွေထမ်းပြီး ထွက်ပြေးသွားတာ။ မျက်မြင်ရော၊ ဖရဲသီးတွေဆီကပါ သိရတာက ၇ ယောက် သေတယ်၊ ၆ ယောက်ဒဏ်ရရသွားတယ်၊ စခန်းထဲဝင်ရှာတော့ ကာဘိုင်သေနတ် ၁ လက်ရတယ်။ မြို့ထဲကစစ်ကားတွေလာတယ်ဆိုလို့ စခန်းကိုအမြန်မီးရှို့ပြီးထားခဲ့ရတာ၊ သိပ်ပြီးမီးမလောင်သွားဘူး”

တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ပြီး ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် အတောင့် ၂၀၊ စစ်အသုံးအဆောင်တချို့နဲ့ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း စစ်ဆေးရေးဂိတ်က ဘန်ကာတွေကို ပြန်လည်ပြုပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဝေးထိန်းမိုင်းနဲ့ ထပ်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ တပ်ရင်း ၃၈၀၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်က ပြောပါတယ်။

“ဖရဲသီးအကူအညီနဲ့ မိုင်းခွဲနိုင်ခဲ့တယ်။ အဲဒီမှာ ၁ ယောက်သေသွားတယ်၊ ၃ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့မြို့ပေါ်တိုက်ပွဲတွေဖော်ဆောင်သွားမှာမို့ ပြည်သူတွေအနေနဲ့ ဒီကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ)နဲ့ ဝေးဝေးနေပေးပါ။ စစ်ဆင်ရေးအရှိန်က ရပ်တန့်မနေပါဘူး”

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် အနီးအနားက ဦးတိုကညင်ပင်၊ ဦးတိုမြန်မာစုနဲ့ ဦးတိုစာဖြူစုရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီးနောက် ဆိုင်ကယ် ၂ စီးကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်သားတွေလာပြီဆိုတော့ရွာသားတွေထွက်ပြေးကြတာ၊ အဲဒီမှာရွာသားတွေမရှိတဲ့အချိန် ဦးတိုရွာက ဆိုင်ကယ်နှစ်စီးယူသွားတယ်”ဟု ထိုဒေသခံကဆိုပါတယ်။

စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ဆေးရေးဂိတ်ကို လာရောက်တိုက်ခိုက်တဲ့ PDF ၇ ယောက်လောက် သေဆုံးတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024