
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရေလယ်ကျွန်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၉ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ၉ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger-MBT တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၉ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
Myingyan Black Tiger တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက “ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်အပါဝင် တပ်ဖွဲ့ဝင် ၉ ယောက်သေတယ်။ အရှင် ၉ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်။ ၆၀ မမ လက်နက်ကြီး ၁ လက်နဲ့ RPG 7 ၁ လက် သိမ်းဆည်းရမိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်”လို့ DVB ကို ပြောပါတယ်။
မြေပြင်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက အသာစီးရခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Mi 35 တို့နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘေးလွတ်ရာကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ MBT တော်လှန်ရေးတပ်ဖွဲ့တာဝန်ယူထားတဲ့ ပွိုင့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တခြားတော်လှန်ရေးတပ်ဖွဲ့တွေ တာဝန်ယူထားတဲ့ပွိုင့်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း MBT တော်လှန်ရေးတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ RBDF တော်လှန်ရေးတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ သိရပါတယ်။
ရေလယ်ကျွန်နယ်ထဲက တိုက်ပွဲကို Myingyan Black Tiger တော်လှန်ရေးတပ်ဖွဲ့၊ Royal Brother Defence Forces တော်လှန်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ MSPDF နဲ့ တခြားညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။