Home
မြန်မာသတင်း
မြောင်မြို့နယ်သို့ဝင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ ၆ ဦး အရှင်ဖမ်းမိ
DVB
·
March 1, 2025
Photo ; MCRF

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံး၊ ၆ ယောက် ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိတယ်လို့ မြောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “အင်အား ၁၆၀ လောက်ပါတဲ့ စစ်ကြောင်းက ချင်းတွင်းမြစ်အတိုင်းစက်လှေတွေနဲ့ကူးလာပြီးတော့ ရေစကြိုနဲ့မြောင်နယ်အစပ်ကို စစ်ကြောင်းထိုးလာတာကို ကျနော်တို့မြောင်နယ်ထဲက ရဲဘော်တွေက စောင့်ပြီးတိုက်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်သားအလောင်း ၅ လောင်းတွေ့ရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို ၆၀ မမ စိန်ပြောင်း ၁ လက်၊ RPG 7 ၁ လက်၊ MA3 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်၊ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF) ရဲ့ တာဝန်ခံ ကိုလုလင် က “အဲဒီတုန်းက အပြန်အလှန်တိုက်ပွဲက ၄ နာရီလောက်ကြာခဲ့တယ်ဗျ။ ခွေးစစ်ကြောင်းဘက်က အတော်လေး အထိနာတယ်။ သူတို့စစ်ကြောင်းကကောင်တွေလည်း ပြေးသူပြေး ပြန်ဆုတ်တဲ့သူ ဆုတ်သွားတယ်။ တိုက်ပွဲမှာအထိနာလို့လည်း တိုက်လေယာဉ် ၁ စီးနဲ့ဗုံးကြဲသွားတယ်။ Mi 35 ၁ စီးနဲ့က ပစ်ကူပေးသွားတယ်။ ရေစကြိုမြို့ပေါ်ကနေလည်း ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ပစ်ကူပေးသေးတာဗျ။ တိုက်ပွဲထဲမှာ ကျနော်တို့ဘက်က ရဲဘော် ၄ ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့တယ်” DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM)၊ စစ်ကိုင်းခရိုင် ပလဖ၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်)၊ ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄၊ မြောင်တိုက်နယ် ၆ ပကဖ၊ မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ Wolf Brother၊ ကျောက်ဆည်နဂါးနီ၊ Liberation Army of Central Region၊ 8 Stars၊ Taloke PDF၊ ဒေါင်းစစ်သည်၊ Myaung Union Army၊ ဝရဇိန်ထုတ်လုပ်ရေး၊ ဒေါင်းညီနောင် တို့နဲ့အတူ မြင်းခြံမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013