
စစ်ကောင်စီအပေါ် အလုံးစုံ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နိုင်မယ့် မူကြမ်းကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးပွဲမှာ တင်သွင်းနိုင်ခဲ့တယ်လို့ အလုပ်သမားကိုယ်စားလှယ်တွေ ဆီကနေ သိရပါတယ်။
အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတဲ့ စစ်ကောင်စီကို ILO အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အလုံးစုံပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုလုပ်ဆောင်နိုင်မယ့် Article 33 အပါအဝင် ILO ရဲ့ တခြားသော အကြံပြုချက်အချက် ၁၁ ပါ မူကြမ်းကို ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးပွဲကျင်းပစဉ် မတ်လ ၁၉ ရက်မှာ တင်သွင်းခဲ့တယ်လို့ ILO အုပ်ချုပ်ရေးအစည်းအဝေးရဲ့ ဒုတိယ အလုပ်သမားကိုယ်စားလှယ် မဖြိုးစန္ဒာစိုးက DVB ကို ပြောပါတယ်။
ဒု- အလုပ်သမားကိုယ်စားလှယ် မဖြိုးစန္ဒာစိုးက “Double I Double M ယန္တရားနဲ့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေးကိစ္စရပ်တွေကို ILO အနေနဲ့ ညွှန်ချုပ်အနေနဲ့ ဆောင်ရွက်သွားရမယ့် ကိစ္စရပ်တွေ ဒီလိုအချက်မျိုးတွေ ပါလာတယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတွေ Trade Unions နဲ့ Human Rights Defenders အဲဒီလူတွေကို နိုင်ငံအစိုးရတွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကာကွယ်ပေးရေး အစရှိသဖြင့် အဲဒီကိစ္စတွေအပါအဝင် အရေးကြီးတာကတော့ ၂၀၀၀ ပြည့်နှစ်က ဆုံးဖြတ်ချက်က အရေးကြီးတယ်။ စစ်တပ်ကို ပိတ်ဆို့အရေးယူရေးကိစ္စတွေ ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ ရလဒ်ပေါ့”လို့ ပြောပါတယ်။
စစ်ကောင်စီအပေါ် အလုံးစုံပိတ်ဆို့မှုတွေ ပြုလုပ်တဲ့အခါ ပြည်သူနဲ့ အလုပ်သမားထုကိုပါ ဆိုးကျိုး သက်ရောက်မှာကို စိုးရိမ်တာကြောင့် မူကြမ်းကို ပြုပြင်ရေးဆွဲနေရာကနေ မတ် ၁၉ ရက်မှာမှ အတည်ပြု တင်သွင်းနိုင်ခဲ့တာဖြစ်ပြီး တတ်နိုင်သမျှ အလုပ်သမားထုနဲ့ ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် ကြိုးစားခဲ့ကြောင်းကိုလည်း မဖြိုးစန္ဒာစိုးက ဆက်ပြောပါတယ်၊
“ILO ရဲ့ ဆုံးဖြတ်ချက်က ဘာလို့ ၄ နှစ်ထိတောင် အာဏာသိမ်းကတည်းကနေ ခုထိကြန့်ကြာနေရသလဲဆိုရင် အလုံးစုံပိတ်ဆို့မှုတွေ လုပ်လိုက်ရင် စစ်တပ်ကို မိဘပြည်သူလူထုနဲ့ အလုပ်သမားထုကို ထိသွားမလား ဆိုးကျိုးသက်ရောက်သွားမလားဆိုတာကို တွက်ဆတာဖြစ်တယ်။ ပြည်သူလူထုကိုယ်တိုင်ပြောလာတာ အလုပ်သမားထု ကိုယ်နှိုက်က ပြောလာတာက တနိုင်ငံလုံးကို စစ်တပ်ထဲ သွပ်သွင်းနေတာ အလုပ်ရှင်တွေလည်း စီးပွားရေးလုပ်လို့ရတဲ့ ဝန်းကျင်မဟုတ်တော့ဘူး ပြီးတော့ စစ်မှုထမ်းထဲခေါ်တဲ့အခါ အလုပ်ရှင်တွေက လစာပေးပေးရဦးမယ်။ အလုပ်သမားတွေကျလည်း စစ်မှုထမ်းဖို့ အိမ်ထိခေါ်တဲ့ကိစ္စတွေ လမ်းတင်ဖမ်းသွားတဲ့ကိစ္စတွေ ကလေးစစ်သားတွေလည်း စုဆောင်းခံရတယ်ဆိုတော့ ဒီဟာတွေအကုန်လုံးက သူတို့က တနိုင်ငံလုံးကို စစ်ကျွန်ပြုဖို့ ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့် ဒီမူကြမ်းလုပ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်က မိဘပြည်သူလူထုနဲ့ အလုပ်သမား ထုကပဲ သူတို့ သုံးချင်တာ သုံးလို့ရအောင် လုပ်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။”
စစ်ကောင်စီက ILO ရဲ့ အရေးယူမှုတွေ မခံရအောင် အတုအယောင်သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွေ သမဂ္ဂတွေနဲ့ ဖန်တီးတင်ပြထားတာမျိုးတွေ လုပ်ဆောင်နေတာပါ။
မတ် ၁၉ ရက် အစည်းအဝေးပွဲမှာတော့ စစ်ကောင်စီဘက်က မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေရှိကြောင်းနဲ့ ILO အနေနဲ့ High Level Mission ( အဆင့်မြင့်တာဝန်) လွှတ်ပေးပါရန် တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်၊
IWFM ဥက္ကဋ္ဌ မခိုင်ဇာအောင်က “ဇွန်မှာ ဒီအဆိုပြုချက်တွေကို လက်ခံမလား မခံဘူးလားဆိုတာက တိုးတက်ဖြစ်ထွန်းမှု ရှိသလားမရှိသလားဆိုတဲ့ အပေါ်မှာ မူတည်တယ်၊ ပြိုင်ငြင်းကြမှာပေါ့ အလုပ်ရှင်တွေ တခြားအစိုးရတွေက တိုးတက်မှုတွေရှိလာပြီးဆို ငြင်းကောင်းငြင်းနိုင်ပြီး အဆိုပြုချက်တွေကို ပြင်ဆင်ချင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီ နှစ်လအတွင်းမှာ ဘာတွေ ဆက်လုပ်နေမလဲ ဆိုတာကို ကျမတို့ မသိနိုင်ဘူး၊ ဒါကြောင့် ကျမတို့ အလုပ်သမားသမဂ္ဂတွေ အနေတင်မဟုတ်ပါဘူး၊။ ပြည်သူနဲ့ဒီမိုကရေစီအရေးကို လိုလားတဲ့ အဖွဲ့အစည်းတွေ၊ တဦးချင်းစီ တဖွဲ့ချင်းစီကနေ အလိမ်အညာတွေ ဖြစ်ပေါ်လာတာမျိုးမဖြစ်အောင် စောင့်ကြည့်ပြီးတော့ အချက်အလက်မှန်တွေကို ILO ကို တင်ပြနိုင်မယ်ဆိုရင်တော့ လာမယ့် ဇွန်မှာ GB ကနေ ဆုံးဖြတ်လိုက်တဲ့ အတည်ပြုချက်တွေက အတည်ဖြစ်သွားနိုင်ပါတယ် ဒါကတော့ ကျမတို့ ကြိုးစားရမှာပေါ့”လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာတော့ ILO ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိစစ်တွေ့ရှိထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းတွေအထိ စစ်ကောင်စီက ILO ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာတာ မတွေ့ရှိလာရတာကြော၂၀၂၄ နိုဝင်ဘာမှာ စစ်ကောင်စီကို Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊
ဒီအတွက်ကြောင့် အခုနှစ် မတ် ၁၀ ရက်ကနေ ၂၁ ရက်ထိ ကျင်းပနေတဲ့ ၃၅၃ ကြိမ်မြောက် ILO Governing Body-ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးပွဲမှာ မူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာတော့ မူကြမ်းပါအချက်တွေကို အတည်ပြုဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။
Photo: ILO