Home
နိုင်ငံတကာ
မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးသယ်အဖွဲ့ ပစ်ခတ်၊ ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရ 
DVB
·
March 21, 2025

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ်အနီးမှာ မတ် ၂၀ ရက် ညက ထိုင်းတပ်ဖွဲ့ဝင်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေ ပစ်ခတ်မှုရှိခဲ့ပြီး မူးယစ်ဆေးသယ်ဆောင်အဖွဲ့မှ ၂ ယောက်သေဆုံး၊ ထိုင်းစစ်တပ်ဘက်မှ တယောက် ဒဏ်ရာရကာ စိတ်ကြွဆေးနဲ့ ဘိန်းစိမ်းတွေ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းခြေမြန်တပ်နဲ့ ရှေ့တန်းတပ် ပူးပေါင်းအဖွဲ့တွေဟာ မနေ့ညက မဲ့အိုင်းမြို့နယ်၊ မဲ့ဆောင်အုပ်စု ပါလိုကျေးရွာအနောက်ဘက် တောလမ်းတလျှောက် လုံခြုံရေးစောင့်ကြပ်စဉ် လူတချို့ အထုပ်ထမ်းပြီး နယ်စပ်ဘက်ကနေ ဝင်ရောက်လာတယ်၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးရာမှာ တဖက်က ရပ်မပေးဘဲ သေနတ်နဲ့ လှမ်းပစ်တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ဒါကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က တပ်ကြပ်ကြီး နာ့ဿ် ဝုဒ်  မေးစေ့ဘယ်ဘက်မှာ ဒဏ်ရာရသွားလို့ ဖန်မြို့နယ်ဆေးရုံကို ပို့လိုက်ရတယ်၊ သူ့ဒဏ်ရာကတော့ ကျည်သင့်တာမဟုတ်ဘဲ ကျည်မှန်တဲ့ကျောက်ခဲက လွင့်စင်လာတာလို့ ဆိုပါတယ်။ သေနတ်သံ ငြိမ်သွားပေမဲ့  ညမှောင်နေတဲ့အတွက် နယ်မြေရှင်းလင်းရေးကို မတ် ၂၁ ရက် ဒီနေ့မနက်မှာမှ ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အခင်းဖြစ်ခဲ့တဲ့နေရာတွေကို စစ်ဆေးရာမှာ အလောင်း ၂ လောင်းနဲ့ အိတ် ၂ လုံးထဲ ထည့်ထားတဲ့ L 999 အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၂၀၀,၀၀၀၊ အလေးချိန် ၅ ကီလိုဂရမ်နီးပါးရှိ ဘိန်းစိမ်း ၃ တုံးနဲ့ သေနတ်တလက် သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၂ ယောက်မှာ မဲ့အိုင်းဒေသခံ အသက် ၅၀ နဲ့ ၂၀ အရွယ်တွေဖြစ်ပြီး တယောက်က မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ မဲ့အိုင်းမြို့နယ်ထဲမှာ မတ် ၁၈ ရက် ညကလည်း ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးသယ်တဲ့အဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်သယ်တဲ့အဖွဲ့က တယောက်သေဆုံးကာ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Source : Maesaipress News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013