Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် အုန်းသီးတင်ကား တိမ်းမှောက်ရာက မူးယစ်ဆေးများ တွေ့ရှိ
DVB
·
March 14, 2025
Photo : chiangmainews

ထိုင်းမြောက်ပိုင်း၊ ဥဒရာဒစ်ခရိုင်ထဲမှာ အုန်းသီးတင်လာတဲ့ကားတစီး မတော်တဆ တိမ်းမှောက်ရာက အိုက်စ်မူးယစ်ဆေး ၆၉ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၄၅၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မတ် ၁၂ ရက် ည ၇ နာရီခန့်က ဥဒရာဒစ်မြို့ ဘန့်ဟိုက်ဟရပ်ရှိ လမ်းမကြီးပေါ်မှာ ကားတစီး မတော်တဆ တိမ်းမှောက်ကြောင်း သတင်းပို့ချက်ရတာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဥဒရာဒစ်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ကားရှေ့ဘီးပေါက်ပြီး  ကားခေါင်းပျက်စီးနေတဲ့ အဖြူရောင်ဟိုင်းလပ်စ်ကား တစီးကို တွေ့တယ်၊ ကားနောက်ခန်းက ပေါင်းမိုးနဲ့ အကာလည်း ပြုတ်ထွက်သွားပြီး လမ်းပေါ်မှာ အုန်းသီးတွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမည်းရောင်အိတ် ၆ လုံးပါ တွေ့ရှိပြီး အိတ် ၂ လုံးထဲမှာ အိုက်စ်မူးယစ်ဆေး ၆၉ ကီလိုဂရမ် နဲ့ ကျန်တဲ့အိတ် ၄ လုံးထဲမှာတော့ စိတ်ကြွဆေးပြား ၄၅၀,၀၀၀ တွေ့ရှိတယ်၊ ယာဉ်မောင်းမှာ အသက် ၄၄ နှစ်ရွယ်ရှိ နိုင်းထိသီဖန်း ဖြစ်ပြီး မပြင်းထန်တဲ့ဒဏ်ရာရပေမဲ့ ဘာမှထွက်ဆိုခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဒီမတိုင်ခင် ရှေ့က ဖရဲ့ခရိုင် ဟွေ့လိုက်စစ်ဆေးရေးဂိတ်မှာ အုန်းသီးအပြည့်တင်ဆောင်လာတဲ့ ကားတစီး ဖြတ်လာပြီး အဆိုပါကားကို X-Ray စက်ဘေး ဖြတ်မောင်းခိုင်းတာမှာ အစစ်ဆေးမခံဘဲ မောင်းပြေးသွားလို့  စောင့်ကြည့်ဖမ်းဆီးပေးဖို့  ဂိတ်တာဝန်ကျ ရဲတပ်ဖွဲ့က အကြောင်းကြားထားခဲ့ပါတယ်။

သူတို့ဂိတ်ကနေ ယာဉ်အသွားအလာ စောင့်ကြပ်စစ်ဆေးစဉ် ဂိတ်မရောက်ခင် လမ်းကွေ့ကုန်းဆင်းနားမှာ အုန်းသီးတင်တဲ့ကား တိမ်းမှောက်ခဲ့တာဖြစ်ပြီး နောက်တော့ ဟွေ့လိုက်ရဲက အကြောင်းကြားထားတဲ့ကားနဲ့ တစီးတည်းဖြစ်နေတာလို့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲဒီကားကို  လမ်းပြပေးတယ်လို့ ယူဆရတဲ့ နောက်ထပ်ကားတစီးကိုလည်း ဗိစလုတ်ခရိုင် ဘန်လကမ်မြို့နယ်ထဲမှာ ဖမ်းထားပြီး ယာဉ်မောင်းကတော့ နိုင်းအနုရို့တ် (၄၀ နှစ်) ဖြစ်ကာ လိုအပ်သလို ဆက်လက်စစ်ဆေးနေတယ်လို့ ထိုင်းတာဝန်ရှိသူက ပြောပါတယ်။ 

Source: ThaiPBS / naewna. / Chiangmai News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013