Home
နိုင်ငံတကာ
ထိုင်းစစ်တပ်ကားအသွင်ပြောင်း ၆ ဘီးကားကြီးပေါ်မှ အိုက်စ်မူးယစ်ဆေးဝါး ၁ တန်ခွဲခန့် ဖမ်းမိ 
DVB
·
March 11, 2025

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်ထဲမှာ ထိုင်းစစ်တပ်အသွင်ပြောင်း ၆ ဘီး ကားကြီးပေါ်ကနေ အိုက်စ်မူးယစ်ဆေးဝါး အလေးချိန် ၁ တန်ခွဲနီးပါး ဖမ်းဆီးရမိတယ်လို့  ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေက မတ် ၉ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မတ် ၈ ရက် မနက်စောစောက မယ်ဖာ့လုံမြို့နယ် မဲ့စလောင်းတောင်ပေါ်လမ်းမှာ မောင်းဝင်လာတဲ့ ထိုင်းစစ်တပ်ကား ၆ ဘီးကားကို တာဝန်ရှိသူတွေက မသင်္ကာလို့ စစ်ဆေးရာမှာ ကားနောက်ခန်းမှာ တင်လာတဲ့ ၂၀၀ လီတာဝင် ဆီပေပါပုံး ၁၅ လုံးကို တွေ့ရတယ်၊ ပေပါပုံးကို ဖွင့်ကြည့်တော့ ဆီမဟုတ်ဘဲ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖြစ်နေတယ်၊ အလေးချိန်စုစုပေါင်း  ၁,၄၉၈ ကီလိုဂရမ် (၁ တန်ခွဲနီးပါး) ရှိတယ်လို့  ပြည်ထဲရေးဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီးတယောက် စုစုပေါင်း ၇ ယောက်ကို ဖမ်းဆီးထားတယ်။ ၆ ဘီးကားနဲ့ မရှေးမနှောင်း လိုက်လာတဲ့ အိမ်စီးကားတစီးပေါ်ကနေ တာဝန်ရှိသူတွေကို သေနတ်နဲ့ လှမ်းပစ်တာမှာ တာဝန်ရှိသူတွေက ပြန်ပစ်တာကြောင့် အမျိုးသား ၂ ယောက် ဒဏ်ရာရသွားတယ်။ အဆိုပါ ဒဏ်ရာရအမျိုးသား ၂ ယောက်မှာ အရင်က လုပ်ဘူရီတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်တယ်။ သူတို့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာကြောင့် တပ်ထဲကနေ ထုတ်ပယ်ခံထားရသူတွေလို့ ဆိုပါတယ်။

အဆိုပါကားမှာ ထိုင်းစစ်တပ်က အသုံးပြုနေတဲ့ ကားပုံစံအတိုင်း အရောင်၊ ကားနံပါတ်ပြား၊ တာလပတ်အမိုးတွေ မိုးထားတယ်၊ ကားထဲမှာလည်း စစ်တပ်အသုံးအဆောင် ယူနီဖောင်းနဲ့ သေနတ်တချို့ တွေ့တယ်၊ ဒါပေမဲ့ ယူနီဖောင်းနဲ့ တံဆိပ်တွေဟာ အတုတွေချည်းဖြစ်တယ်လို့ အမှတ် ၅ စစ်တိုင်းဒေသ တိုင်းမှူးက ပြောပါတယ်။

နံပါတ်ပြားကတော့ အရင်က နံပါတ်အဟောင်းဖြစ်ပြီး ကားလည်းဟောင်းသွားပြီဖြစ်တဲ့အတွက် အသုံးမပြုတော့ဘူးလို့ ဆိုပါတယ်။

ဒီဖမ်းဆီးရရှိမှုမှာ  ၂၀၂၄  ဒီဇင်ဘာလက ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာ အိုက်စ်ဆေး ၁,၄၁၃ ကီလိုဂရမ် ဖမ်းဆီးရမိတာနဲ့ ဆက်စပ်မှုရှိတယ်၊ ထိုစဉ်က တရားခံကို ဖမ်းလို့မမိဘဲ ကားထဲမှာ တယ်လီဖုန်းတလုံးသာ ကျန်ခဲ့တယ်၊ တာဝန်ရှိသူတွေက ဖုန်းထဲပါတဲ့ အချက်အလက်ကနေတဆင့် သဲလွန်စတွေ ဆွဲထုတ်ပြီး ဆက်လက်စုံစမ်းထောက်လှမ်းတယ်၊ အဓိကညွှန်ကြားသူမှာ နိုင်းချွတ်သီထန်း (ခ) ဆေကျူ့  ဆိုသူ လီဆူးတိုင်းရင်းသားတယောက်ဖြစ်တယ်။ သူဟာ ချင်းရိုင်းမှာ နေထိုင်ပြီး ပန်းခြံဟိုတယ်တခုကိုလည်း ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

ရဲတွေက ရုပ်ဖျက်ပြီး သူ့နောက် လိုက်လံစုံစမ်းရာမှာ မတ် ၆ ရက်က ချင်းရိုင်းမှာရှိတဲ့ သူ့ရဲ့ဟိုတယ် ပန်းခြံထဲမှာ အဖွဲ့သားတွေ အစည်းအဝေးလုပ်တယ်၊ မတ် ၇ ရက်မှာ ချင်းရိုင်းမြို့နယ် တောင်ပေါ်  ဒူးရင်းခြံထဲ သွားကြတယ်၊ အဲဒီမှာ စစ်စိမ်းရောင်ကုန်တင်ကားကြီးတစီး အပါအဝင် စုစုပေါင်း ကား ၅ စီးရှိတယ်၊ စစ်စိမ်းရောင်ကုန်တင်ကားကတော့ ၉ ရက်က ဖမ်းမိတဲ့ကား ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကတရားခံ နိုင်းချွတ်သီထန်း (ခ) ဆေကျူ့ကိုတော့ ဖမ်းလို့မမိသေးဘဲ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီး နိုင်းအနုထင်းချန်းဝီရကွန်းက ဒီအမှုဟာ ကြီးမားတဲ့မူးယစ်မှုကြီးဖြစ်တယ်၊  နိုင်ငံ့ဝန်ထမ်းအယောင်ဆောင်တယ်၊ ဒဏ်ရာရသွားတဲ့ တရားခံဟာ စစ်မှုထမ်းဟောင်းဖြစ်တယ်၊ မူးယစ်ဆေးနဲ့ပတ်သက်လို့ တပ်ကနေ ထုတ်ပယ်ခံထားရတယ်၊ အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ နိုင်ငံခြားကို ဆက်ပြီးပို့ဆောင်မယ်လို့ ယူဆတယ်၊ ဆေကျူ့ရဲ့ ကွန်ရက်တွေဟာ ထိုင်းမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ရှိနေဦးမယ်၊ ဆက်လက်စုံစမ်း အရေးယူသွားရမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

Source : ThaiPBS / CH7News / 3PLUS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013