Home
နိုင်ငံတကာ
ထိုင်း ဆုန်ကရန် သင်္ကြန်ပွဲတော်အတွက် အစိုးရဘတ်ဂျက်ငွေ ဘတ် ၁၈၃ သန်း ချပေး 
DVB
·
March 20, 2025

ထိုင်းရိုးရာ ဆုန်ကရန်သင်္ကြန်ပွဲတော် ကျင်းပနိုင်ဖို့ အစိုးရက ဘတ်ဂျက်ငွေ ဘတ် ၁၈၃ သန်း ခွဲဝေချထားပေးပြီး ခရီးသွားဧည့်သည် ၅ သန်းနီးပါး လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း The Nation သတင်းမှာ မတ် ၁၉ ရက်က ဖော်ပြပါတယ်။

အစိုးရရဲ့ ‘ထိုင်းခရီးသွားလုပ်ငန်း ရွှေနှစ်’ မျှော်မှန်းချက်နဲ့အညီ အခု ၂၀၂၅ ခုနှစ် မဟာဆုန်ကရန် ကမ္ဘာ့ရေပွဲတော်ကို ကျင်းပဖို့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာ ဦးဆောင်တဲ့ အမျိုးသား ကော်မတီကနေ ခုလို ဘတ်ဂျတ်ခွဲချထားပေးတာလို့ ထိုင်းနိုင်ငံ အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဆိုရာဝေါင်သိန်ထောင်က သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီပွဲတော်ကိုတော့ လာမယ့် ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ ဘန်ကောက်မြို့၊ မြဘုရားရှေ့က ဆာနမ်လွန်ရင်ပြင်မှာ ကျင်းပသွားမှာဖြစ်သလို အနည်းဆုံး ဘတ်ငွေ ၂၆ ဒသမ ၅၆၄ ဘီလီယံထိ ရရှိနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သူက ပြောလိုက်ပါတယ်။

ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင် (TAT) ကတော့ ပွဲတော်အတွင်းမှာ လမ်းလျှောက် သင်္ကြန်၊ တေးဂီတဖျော်ဖြေပွဲတွေ၊ EDM ဖျော်ဖြေပွဲတွေနဲ့ ဘုရားကျောင်းကန်တွေမှာ ဆင်ယင်ကျင်းပမှုတွေ အပါအဝင် အစားအသောက်ပြပွဲတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီပွဲတော်ဟာ ‘အံ့သြဖွယ်ကောင်းတဲ့ ထိုင်းနိုင်ငံရဲ့ မဟာခရီးသွားလုပ်ငန်းနဲ့ အားကစားနှစ် ၂၀၂၅’ ကမ်ပိန်းရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်လာမှာဖြစ်သလို ကမ်ပိန်းအနေနဲ့ နိုင်ငံတွင်းမှာ တနှစ်ပတ်လုံး ခရီးသွားပွဲတော်တွေ၊ အားကစားပြိုင်ပွဲတွေ အပါအဝင် သီးသန့် ခရီးသွားအခွင့်အရေးတွေအတွက် ရည်ရွယ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော်တွေကိုတော့ နှစ်တနှစ်ရဲ့ ဧပြီလမှာ ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံအပြင် အိမ်နီးချင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ ယူနန် ပြည်နယ်တွေမှာလည်း ကျင်းပလေ့ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ မဟာဆုန်ကရန်လို့ခေါ်တဲ့ သင်္ကြန်ပွဲတော်ကိုတော့ ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြု ကြေညာထားပြီး ဖြစ်သလို လက်ရှိမှာ ဉာဏမူပိုင်ခွင့်တင်ဖို့လည်း  ကြိုးပမ်းနေပါတယ်။

Source: The Nation

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013