Home
နိုင်ငံတကာ
ထိုင်းတွင် တီလားပီးယားငါးမျိုးစိတ်တမျိုးကို နှိမ်နင်းပေးရန် ငါးအလေးချိန် ၂ တန် သွန်ချပြီး ဆန္ဒပြ 
DVB
·
March 20, 2025

ထိုင်းနိုင်ငံမှာ မေးအနက်ရောင် (Black chin tilapia) ပါးမည်းတီလားပီးယား ငါးမျိုးစိတ်တမျိုး ပေါက်ပွားမှုနှုန်း မြန်ဆန်ပြီး တခြား ငါး၊ ပုစွန်တွေကို လွှမ်းမိုးသွားတာကြောင့်  ငါး၊ ပုစွန် မွေးမြူရေး လုပ်ကိုင်သူတွေ အကြီးအကျယ် အရှုံးပေါ်နေပါတယ်။ 

အစိုးရအနေနဲ့ အဲဒီပြဿနာကို တာဝန်ယူ ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံ ၁၉ ခရိုင်ရှိ  ငါး၊ ပုစွန်မွေးမြူ‌‌ရေး ကိုယ်စားလှယ် ၃၀၀ ကျော်ဟာ မတ် ၁၈ ရက်နေ့က ဘန်ကောက်မှာ လာရောက်စုဝေးပြီး အစိုးရကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ  စိုက်ပျိုးမွေးမြူရေးဝန်ကြီးရုံးရှေ့မှာ စုဝေးပြီး ရာ့ချ်ဒမ်ရုန်းနောက်လမ်းရှိ ဝန်ကြီး များရုံးထံ  ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ချီတက်လာခဲ့ကြပါတယ်။ 

ဝန်ကြီးများရုံးရှေ့မှာ ကား ၂ စီးနဲ့အပြည့် တင်ဆောင်လာတဲ့ အလေးချိန် ၂ တန်ရှိ  တီလားပီးယား ငါးအသေကောင်တွေကို သွန်ချခဲ့တယ်၊ ဒါ့အပြင် ဆားနဲ့ ငရုတ်သီးတွေ မီးမြှိုက်ပြီး  ကျိန်စာတိုက်ကာ လိုလားချက်တွေကို အော်ဟစ်တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုချက်တွေထဲမှာ လွတ်လပ်သောကော်မတီတရပ် ဖွဲ့စည်းပြီး  တီလားပီးယားငါးတွေ  စပြီး တင်သွင်းတဲ့ တရားခံတွေကို စုံစမ်းဖော်ထုတ်ဖို့၊  တီလားပီးယားငါးတွေကို တနှစ်အတွင်း အပြီးသတ် သုတ်သင်ရှင်းလင်းပြီး ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးဖို့၊  တီလားပီးယားငါးတွေ ပေါက်ဖွားရာနေရာတွေကို သဘာဝဘေးသင့်ဇုန်အဖြစ် ကြေညာဖို့၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ တီလားပီးယားငါး စတင်ဖြန့်ဖြူးသူတွေကို တရားစွဲပြီး ငါး၊ ပုစွန်မွေးမြူရေးသမားတွေရဲ့ ဆုံးရှုံးမှု နစ်နာကြေး ပြန်လျော်ပေးစေဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ 

ငါး၊ ပုစွန်မွေးမြူရေး လုပ်ကိုင်စားသောက်နေသူတွေကို ဘဝပျက်သည်ထိ အရှုံးပေါ်စေတဲ့ တီးလားပီးယားငါးတွေကို အစိုးရအနေနဲ့ လုံးဝမျိုးတုံးသွားတဲ့အထိ နှိမ်နင်း‌ပေးဖို့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထံလိပ်မူပြီး တာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပါတယ်။ 

ရေလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဘန်းချား ဆုခဆုခ်ကတော့ ဒီငါးပြဿနာကို အစိုးရ အနေနနဲ့ မနှစ်ကတည်းက ကြိုးစားဖြေရှင်းပေးခဲ့တယ်၊ အဲဒီငါးတွေကို တကီလို ၁၅ ဘတ်နဲ့ ဝယ်ယူပေးတယ်။ ငါးကန်ထဲကို ကဖုန်းခေါဝ်လို့ ခေါ်တဲ့ ငါးမုဆိုးတွေ လွှတ်ပြီး သုတ်သင်တယ်၊  ငါးမျိုးတုံးစေတဲ့ ဆေးတွေ ထည့်တယ်၊ ပြီးခဲ့တဲ့နှစ်က တီလားပီးယားငါး အလေးချိန် ကီလိုပေါင်း  ၃ သန်းခွဲကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့  ပြောပါတယ်။ 

ဆန္ဒပြသူတွေဘက်ကတော့ အစိုးရအနေနဲ့  ဒီငါးနှိမ်နင်းရေးကို လုံးဝဥဿုံ မပျောက်မချင်း စဉ်ဆက်မပြတ် နှိမ်နင်းစေချင်တယ်၊ နာမည်ကောင်းရဖို့ အပေါ်ယံ လုပ်ပေးတာမျိုးပဲ မလိုလားဘူးလို့ ပြောပါတယ်။ 

အခုလို ငါးတွေ လာသွန်ရတာာ အစိုးရက ဒီကိစ္စကို အ‌ရေးကြီးကိစ္စတရပ်အနေနဲ့ ဆောင်ရွက်ပေးစေလိုလို့ ဖြစ်တယ်။  ဆန္ဒပြ တောင်းဆိုတဲ့အတိုင်း မ‌ဆောင်ရွက်ပေးဘူးဆိုရင် နောက်တခေါက်  နစ်နာဆုံးရှုံးတဲ့ ခရိုင်ပေါင်း ၁၉ ခရိုင်က တခရိုင်ကို ၁ တန်နှုန်းနဲ့ ငါးအလေးချိန် ၁၉ တန် ယူလာပြီး သွန်ပြမယ်လို့ ပြောပါတယ်။

အဆိုပါ  တီလားပီးယားငါးမျိုးစိတ်တွေဟာ မူလဇာတိ အာဖရိကတိုက်ကဖြစ်ပြီး ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင်ဝင်ရောက်လာပါတယ်။ 

ဆမွတ်ဆုန်ခလမ်းခရိုင်ရှိ ငါးမွးမြူရေးလုပ်ငန်းရှင်တယောက်ဟာ အာဖရိကတိုက် ဂါနာနိုင်ငံမှ အကောင်ရေ ၂၀၀၀ မှာယူပြီး စမ်းသပ်မွေးမြူခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှ လုပ်ငန်းပိတ်သိမ်းသွားခဲ့တယ်၊ စတင်တင်သွင်းသူက သူ့ထံမှာ အကောင်‌‌ရေ ၅၀ ပဲ ကျန်တယ်လို့ ပြောပေမဲ့ အခြားဒေသမှာတွေ ပြန့်ပွားသွားပြီ ဖြစ်ပါတယ်။ အဆိုပါငါးမှာ အမက ဥအုပြီးရင် အထီးက ငါးလေးတွေ ပေါက်လာဖို့ ဥတွေကို ပါးစပ်ထဲထည့်ပြီး  ၂၂ ရက် အစာမစားဘဲ ငုံထားတယ်၊  တကြိမ်လျှင် ငါးပေါက်စ အကောင်‌‌ရေ ၃၀၀ ကျော် ပေါက်ပွားတယ်လို့ ဆိုပါတယ်။ 

ငါးကန်ထဲမှာ အဆိုပါငါးအမျိူးအစားကို ထည့်လိုက်ရင် အချိန်အနည်းငယ်ကြာတော့ ဈေးကောင်းရတဲ့ အခြား အမျိုးအစား ငါးနဲ့ ပုစွန်တွေ တဖြည်းဖြည်း နည်းပါးလာပြီး ပိုက်ကွန်နဲ့ ဖမ်းလိုက်တိုင်း တီလားပီးယားငါးတွေချည်း ပါလာတယ်၊ ဒါကြောင့် မွေးမြူရေးသမားတွေ ဘတ်သိန်းနဲ့ချီ အရှုံးပေါ်ပြီး အချို့မှာ ဒီအလုပ်ကို လက်လွှတ်ကာ နေ့စားအလုပ်သမားဘဝ ‌‌ရောက်သွားရတယ်လို့ ဆိုပါတယ်။ 

Source: Thairath / CH7HD News / The Standard

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013