Home
နိုင်ငံတကာ
ထိုင်းတွင် ၉ နှစ်ရွယ်ကလေးအား ဘုရားလောင်းဟုဆိုကာ အပူဇော်ခံနေမှု အရေးယူရန် တိုင်ကြား 
DVB
·
March 18, 2025

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ ၉ နှစ်သားကလေးက မိမိကိုယ်မိမိ ဘုရားလောင်းဟုဆိုကာ နတ်သားလို ဝတ်ဆင်ပြုမူပြီး အပူဇော်ခံနေမှု အရေးယူပေးဖို့ တိုင်ကြားခံရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘာသာရေးအခမ်းအနားတခုမှာ နောင့်ခြိမ့်ကျစ် ခေါ် နောင့်နိုက်တ် ဆိုသူ ၉ နှစ်သားလေးက အခမ်းအနားကို ဦးဆောင်ကာ နဂါးရုပ်တု၊ ဘုရားရုပ်တု ကန်တော့အပြီး တီရှပ် ဆင်တူဝတ်ဆင်ထားသူ အသက်အရွယ်ကြီးရင့်သူတွေပါ သူ့ကို ရှိခိုးပူဇော်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပြန်လည်ထွက်ပေါ်လာပါတယ်။

ဒီကိစ္စဟာ အခုမှဖြစ်တာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း ဖြစ်ခဲ့တယ်။ ခရိုင်သာသနာရေးဦးစီးဌာနနဲ့ တရားရုံးက အဲဒီလုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ အမိန့်ချမှတ်ထားပေမဲ့ ခုလို လှုပ်ရှားမှုတွေ ပြန်ပေါ်လာတာကြောင့် ထိုင်းရှေ့နေများအသင်းက ရှေ့နေ အနန္တချိုင်းနဲ့ လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ပြည်သူ့ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအသင်းဥက္ကဋ္ဌ နိုင်းထဲန်းခွန်း ကျစ်ကစ်သရတို့က ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေ၊ ကွန်ပြူတာဥပဒေ၊ ဘာသာရေးဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဖို့ မတ် ၁၇ ရက်က ထပ်မံ တိုင်ကြားလိုက်တာပါ။

နောင့်ခြိမ့်ကျစ် ဆိုတဲ့ ကလေးဟာ အသက် ၂ နှစ်ရွယ်ကတည်းကစ ကလေးနဲ့မတန်အောင် လက်နှစ်ချောင်းကို နဖူးပေါ်တင်ပြီး တရားဓမ္မအကြောင်းတွေ ပြောဆိုတတ်တယ်၊ ထူးခြားတဲ့ ကလေးပါပဲလို့ မိဘတွေက ပြောပါတယ်။

အသက် ၇ နှစ်၊ ၈ နှစ်လောက် အရွယ်မှာတော့ လူတွေကို ဝိပဿနာ၊ ကမ္မဋ္ဌာန်းထိုင်အောင် ပြသတဲ့ တရားဆရာ ဖြစ်လာတယ်၊ သူဟာ ဗေဒင်လည်း မှန်အောင်ဟောတတ်တယ် ဆိုပြီး သူ့ကို ပူဇော်တဲ့ အသိုက်အဝန်းတခု ပေါ်ပေါက်လာပါတယ်။

သူ့ကိုယ်သူ နောင်ပွင့်လာမယ့် အရိမေတ္တယျ ဘုရားလောင်းလို့လည်း ပြောတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေ၊ လူတွေကိုးကွယ်ကြည်ညိုနေပုံတွေကို မိဘတွေက လူမှုကွန်ရက်မှာ ဖြန့်ဝေကြတယ်။ ဒါပေမဲ့ တရားဓမ္မနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုတော့  မဖြေကြားနိုင်ဘူး။ သူဟာ ရှေ့ဖြစ် နောက်ဖြစ် ဟောတတ်တယ် ဆိုတာကလည်း နောက်ကွယ်မှာ ပြောပေးတဲ့ ဗေဒင်ဆရာ ရှိတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ မြတ်စွာဘုရားကို ခုတုံးလုပ်ပြီး အလှူခံနေတာ ဖြစ်တယ်၊ အရွယ်မရောက်သေးတဲ့ ကလေးကို အသုံးချနေတာဟာ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး ချိုးဖောက်ရာရောက်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေက တိုင်ကြားထားတာကြောင့် အဲဒီလိုပြုမူနေတာကို ၆ လအတွင်း ရပ်နားဖို့၊ ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးကုသဖို့ အမိန့်ပေးထားပါတယ်။

ဒါပေမဲ့ သတိပေးချက်ထုတ်ပြန်အပြီး အခုလို ဗွီဒီယိုကလစ်တွေ ပြန်ထွက်လာတာပါ။ ဒါဟာ မိဘအုပ်ထိန်းသူတွေဘက်က မသိတာလား၊ သိလျက်နဲ့ပဲ မတားမြစ်လို့ ပြန်လုပ်တာလားလို့  နိုင်းထဲန်းခွန်းက မေးခွန်းထုတ်ပါတယ်။

မိခင်ဖြစ်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့ ဗွီဒီယိုကလစ်မှာ အလှူပွဲသာဖြစ်ပြီး လူတွေက သူတို့သားကို ရှိခိုးနေတာကတော့ သူတို့ရဲ့  သဒ္ဓါယုံကြည်စိတ်သာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ရှေ့နေ အနန္တချိုင်းကတော့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ သာသနာပြန့်ပွားရေး ဦးစီးဌာနက လူတွေဟာ ဗုဒ္ဓသာသနာနဲ့ ထေရဝါဒကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ အခုလို ဖြစ်နေတာကို ဘာကြောင့် မျက်ကွယ်ပြုနေသလဲ၊ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်မှ၊  တိုင်ကြားသူရှိမှ အရေးယူဖို့ လုပ်နေတာတွေ မဖြစ်သင့်ဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Source : Top News / 3Plus News / Ch8 TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013