Home
နိုင်ငံတကာ
ထိုင်းတွင် အလုပ်သမားများတင်လာသောကား ရထားနှင့်တိုက်မိ၊ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ
DVB
·
March 14, 2025
photo:77kaoded

ထိုင်းတောင်ပိုင်း၊ တရန်းခရိုင်ထဲမှာ မတ် ၁၃ ရက်က အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ရထားနဲ့တိုက်မိပြီး ၄ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရသွားတယ်လို့ 77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တရန်းခရိုင်၊ ကဒန်မြို့၊ ဘန်မတ်အုပ်စု၊ ဘန့်ဖလုယိုင်ရပ်ကွက်အပိုင်းရှိ ရထားသံလမ်းမှာ ကားနဲ့ ရထားတိုက်မိကြောင်း ညနေ ၂ နာရီခွဲလောက်က သတင်းပေးပို့ချက်ရတဲ့အတွက် လူနာတင်ယာဉ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ကဒန်နယ်မြေရဲစခန်းတာဝန်ရှိ သူက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ  ရထားတိုက်ခံထားရလို့ ပျက်စီးနေတဲ့ မီးခိုးရောင်ဟိုင်းလပ်စ်ကား တစီးနဲ့ လမ်းပေါ်မှာ လွင့်စင်ပြန့်ကျဲနေတဲ့ သေဆုံးဒဏ်ရာရသူတွေ တွေ့တယ်။ ကနဦးတွေ့ရှိချက်မှာ  အမျိုးသား ၃ ယောက်၊ အမျိုးသမီးတယောက် ပေါင်း ၄ ယောက်  ပွဲချင်းပြီးသေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်၊ ဒဏ်ရာရသူထဲက တယောက်မှာ ပြင်းထန်ပြီး အားလုံးကို ကဒန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ဟိုင်းလပ်စ်ကားမောင်းသူမှာ အသက် ၄၁ နှစ်ရွယ် နိုင်းဆူရချိုင်းဒမ်ဖူး ဆိုသူဖြစ်ပြီး သူကတော့  ဘာဒဏ်ရာမှ ကြီးကြီးမားမားမရှိပါဘူး။ သူဟာ ပုစွန်ရွေးအလုပ်သမား ၁၀ ယောက်ကို ကရပီမြို့ကို ပို့ပေးဖို့ တင်ဆောင်လာတယ်၊ အခင်းဖြစ်တဲ့နေရာမှာ ဘာအချက်ပေးသံမှမကြားရလို့ ဆက်မောင်းနေရာက ရထားတိုက်ခံရတာလို့ ထွက်ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကို အယ်လ်ကိုဟော တိုင်းကြည့်ရာမှာ ဘာမှမတွေ့ရပေမဲ့ ဆီးစစ်ရာမှာတော့  ခရမ်းရောင်ပေါ်နေတယ်၊ သူဟာ ဒီမတိုင်ခင်က စိတ်ကြွဆေးသုံးထားမိကြောင်း ဝန်ခံထားပါတယ်။ 

ရထားမောင်းသူဘက်ကတော့ အယ်လ်ကိုဟောရော ခရမ်းရောင်ဆီးပါ မတွေ့ရှိဘဲ ဟိုင်းလပ်စ်ကားလာနေတာကို မီတာ ၂၀၀ အကွာကတည်းက တွေ့ရတယ်၊ ဥဩသံရှည်နဲ့ အချက်ပေးရာမှာ ကားနောက်မှာ ထိုင်လိုက်လာသူတွေ စိုးရိမ်တကြီး အကုန်မတ်တပ်ရပ်လိုက်ကြ တာတွေ့တယ်၊ ကားမောင်းသမားကတော့ ဘာမှမဖြစ်သလို ဆက်မောင်းလာတာလို့ ထွက်ဆိုထားပါတယ်။ 

တာဝန်ရှိသူက ဟိုင်းလပ်စ်ကားမောင်းသူကို  တပါးသူအသက်ဆုံးရှုံး ဒဏ်ရာရစေသည်အထိ ပေါ့ဆစွာ ယာဉ်မောင်းမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်သေစာ သောက်စားပြီး ယာဉ်မောင်းမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

သေဆုံးဒဏ်ရာရ ပုစွန်ရွေးလုပ်သားတွေကတော့ ဘယ်နိုင်ငံသား ဘာလူမျိုးလဲဆိုတာ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ 

Source:  77kaoded / CH7 TV News  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013