ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်မှာ မတ် ၁၈ ရက် မနေ့ညပိုင်းက မိုးသက်လေပြင်းကျရောက်တာကြောင့် ဆေးရုံ၊ စာသင်ကျောင်း၊ အစိုးရရုံးနဲ့ လူနေအိမ်တွေပါ ပျက်စီးပြီး လူ ၄ ဦးပါ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ချင်းရိုင်းခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ ညနေ ၆ နာရီမှ ၇ နာရီခွဲထိ မိုးသက်လေပြင်းကျပြီး မိုးသီးတွေပါ ကြွေလာတယ်၊ မဲ့လောဝ်းမြို့နယ်မှာဆိုရင် ကျွမ်မောက်ကယောက်၊ ပါကော်ဒမ်၊ ဘိုဆလီ၊ ဒုန်မတ စတဲ့ ၄ အုပ်စုရှိ ရပ်ကွက်နဲ့ ကျေးရွာ ၁၅ ခုမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မဲ့လောဝ်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပျက်စီးတဲ့ထဲမှာ အစိုးရမူကြိုကျောင်း တကျောင်း၊ စာသင်ကျောင်း တကျောင်း၊ ပြည်သူ့ဆေးရုံတို့ပါဝင်တယ်။
ဒဏ်ရာရသူ ၄ ယောက်ထဲမှာ တယောက်က ပြတင်းပေါက်တံခါးရွက်က သူ့မျက်နှာပေါ်ကျလာလို့ သတိမေ့သွားကာ လက်ရှိ ချင်းရိုင်းဆေးရုံကြီးမှာ ကုသနေရတယ်လို့ ဆိုပါတယ်။
မဲ့လောဝ်းဆေးရုံမှာ ခေါင်မိုးတွေကွာကုန်လို့ ဆေးရုံပိတ်ထားရတယ်၊ နေအိမ်အများစုမှာလည်း လေပြင်းကြောင့် ခေါင်မိုးတွေလွင့်ထွက်ကုန်တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဖန်းမြို့နယ်ထဲမှာလည်း လမ်းဘေးဆိုင်းဘုတ်တိုင်တွေ လဲကျတာ၊ သက်တမ်းရင့် သစ်ပင်ကြီးတွေ လဲပြိုတာနဲ့ ရပ်ကွက်ထဲကနေအိမ်တွေ ခေါင်မိုးလန်ထွက်ကုန်တယ်လို့ ဆိုပါတယ်။
လက်ရှိ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားတာတွေ ပြန်လည်ပြုပြင်နေပြီး လူနေအိမ်နဲ့ ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ဆောင်ရွက်နေကြောင်း မြို့နယ်မှူက ပြောပါတယ်။
မနေ့က ချင်းရိုင်းခရိုင် မဲ့ကျန်း၊ ထိန်း၊ ဖန်း၊ ဝိန်းချိုင်း၊ မဲ့လောဝ်း၊ ဖယားမန်းရိုင်းနဲ့ ချင်းရိုင်း စတဲ့ ၇ မြို့နယ်မှာ မိုးတွေရွာသွန်းခဲ့ပါတယ်။
ဒီမတိုင်ခင် မတ် ၁၆ ရက်ကလည်း ထိုင်းအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်ထဲမှာ မိုးသက် လေပြင်းကျတာကြောင့် ချုမ်းဟစ်၊ ယုန်းခေါက်စတဲ့မြို့နယ်ထဲမှာ နေအိမ် အလုံး ၃၀ ကျော် ခေါင်မိုးလန်ထွက်ပျက်စီးကုန်တယ်၊ အဲဒီထဲမှာ နေအိမ် ၂ လုံးက သက်တမ်းရင့်သစ်ပင်ကြီးပိ ကျလာလို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမိုးလေဝသဌာနထုတ်ပြန်ချက်အရ မတ် ၂၅ ရက်ထိ မိုးသားတွေရှိနေဦးမယ်၊ ထိုင်း တောင်ပိုင်းမှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး ထိုင်းပင်လယ်အော်ဒေသမှာ လှိုင်းအမြင့် ၂ မီတာထိ တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Source: ချင်းရိုင်းခရိုင် ပြန်ကြားရေးဌာန ၊ TNN News