
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တလုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၃ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ကမ်ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးက နေအိမ်တလုံး ပြိုကျကာ နေအိမ် ၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “နွေခေါင်ခေါင်ကြီး ဒီလောက်ဖြစ်မယ် မထင်ဘူး။ ရုတ်တရက် လေကတိုက်သွားတာ။ ပြိုကျတဲ့အိမ်ဆို အခိုင်အမာကြီးပါ။ အိမ်တလုံးက လုံးဝပြိုကျသွားတာ” လို့ ပြောပါတယ်။
အဲဒီ လေပြင်းဒဏ်ကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တလုံး၊ ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း နေအိမ်တလုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တလုံး၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တလုံး ပျက်စီးခဲ့တာလို့ သိရပါတယ်။
ဧရာဝတီတိုင်း အခြေပြု သဘာဝဘေး ကာကွယ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူက “အခုအချိန်က နွေရာသီကာလ စတင်ပြီဖြစ်လို့ လေပွေလှိုင်းတွေကြောင့် လေပြင်းတွေ တိုက်ခတ်လာနိုင်ပါတယ်။ အပူပျံတက် တိမ်တွေကြောင့်လည်း လေပြင်းတွေ တိုက်လာနိုင်တယ်။ လေပြင်းအန္တရာယ်ကို သတိထားဖို့ လိုအပ်တယ်ဆိုတာ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီလေပြင်းဒဏ်ကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာမရှိဘဲ အိမ်ထောင်စု ၄ စုက လူ ၁၄ ယောက် သဘာဝဘေးဒဏ်သင့်ခဲ့ပြီး လေဘေးဒဏ်သင့် ဒေသခံတွေဟာ လတ်တလော နီးစပ်ရာ မိဘ၊ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။