
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကင်ပွန်းချဉ်တောင်မှာ အာရက္ခတပ်တော် AA မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်းဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က စက်တပ်လေထီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သာပေါင်းမြို့နယ် သဲဖြူအရှေ့ရွာနဲ့ ၂ ဖာလုံခန့်အကွာ ကင်ပွန်းချဉ်တောင်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက် အစောပိုင်းအထိ အာရက္ခတပ်တော် (AA) မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းပြင်း ထန်ထန်းဖြစ်ပွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အခု သာပေါင်းတိုက်ပွဲက အခြေအနေပိုတင်းမာလာပုံရတယ်။ ဒီနေ့ ၂၇ ရက်မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်သံတွေ ကြားရတာ။ လေထီးတွေတော်တော်များများလည်း ဝဲပစ်နေတာ တွေ့နေရတယ်။”
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကင်ပွန်းချဉ်၊ သာပေါင်းလေး၊ ခွေးကုပ်၊ အနန်းကုန်း စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ခံစစ်ပြင်ဆင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
“တိုက်ပွဲက ရပ်သွားဆို ခဏပဲ၊ အခုမနက် ပြန်ဖြစ်တာက ပိုပြင်းထန်နေတာ။ စစ်တပ်ဘက်က စစ်ကူကား ၄ စီး အခုမနက် တိုက်ပွဲဖြစ်တဲ့ဘက် တက်သွားတယ်။ ဘယ်နေရာဘယ်သူက သိမ်းတယ်၊ ဘာညာတော့ တိတိကျကျ မသိသေးဘူး။”
ဒါ့အပြင် သာပေါင်းမြို့နယ် လက်ခုပ်၊ ခေနန်၊ သရက် ကုန်းနဲ့ မရမ်းချိုကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။