
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က စစ်ဘေးရှောင်တွေဆီကနေ နေထိုင်ခွင့်ပြုရေးအတွက် ငွေကျပ်သိန်းချီ အဓမ္မတောင်းယူနေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖေဖော်ဝါရီ ၂၂ ရက်က စတင်ပြီး ရခိုင်ပြည်နယ်အစပ် သာပေါင်းနဲ့ ရေကြည်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဆီကနေ စစ်ဘေးရှောင်လာတဲ့ အရပ်သားတွေကို တအိမ်တက်တအိမ်ဆင်း လိုက်လံစစ်ဆေးပြီး စစ်ရှောင်မိသားစုတစုကို ကျပ် ၁ သိန်းအထိ တောင်းယူနေတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတယောက်က “တလနေထိုင်ခွင့်ရဖို့အတွက် ကျပ် ၁ သိန်းအထိ တောင်းတာ။ တပ်နဲ့ အုပ်ကြီးတွေက တောင်းတာ။ မဖြစ်မနေ ပေးရတာ။ ငွေပါတဲ့ စစ်ရှောင်တွေကတော့ ပြန်လှည့်လို့လည်း မဖြစ်တာကြောင့် ငွေပေးနေကြတယ်။ ငွေမပါတဲ့သူတွေကတော့ ပြန်ပြေးရတယ်” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ ငွေတောင်းခံရတဲ့ စစ်ဘေးရှောင်တွေ ထောင်ချီရှိနေပြီး ငွေမပေးဘဲ လက်ခံနေထိုင်ခွင့်ပြုပါက နေထိုင်ခွင့်ပြုတဲ့ စစ်ဘေးရှောင် မိသားစုတွေ၊ လက်ခံတဲ့အိမ်တွေကို အရေးယူပြီး နေအိမ်တွေပါ ချိပ်ပိတ် သိမ်းဆည်းမယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်က ခြိမ်းခြောက် ပြောဆိုနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေတယောက်က “အခု စစ်ရှောင်တွေက ဒေသတွင်းအပြင် ရခိုင်ဘက်က အခုမှလာတဲ့ စစ်ရှောင်တွေလည်း ပါပါတယ်။ ငွေမပေးရင် နေထိုင်ခွင့်မပေးတော့ ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအဖို့ တော်တော်ဒုက္ခရောက်နေတာ။ မိသားစုတွေဆီမှာလည်း ပေးမနေဘူး” လို့ ပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေဆီကနေ သာပေါင်းမြို့နယ်ထဲက ကင်ပွန်းချဉ်၊ သာပေါင်းလေး၊ အနန်းကုန်း စတဲ့ ကျေးရွာတွေမှာ စစ်ဘေးရှောင်တွေအများစု ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။