
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီမှာ လူငယ် ၁၂ ယောက်ကို စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး နေအိမ်တွေမှာ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ရေကြည်မြို့နယ်၊ တဇောင်းရိုးကျေးရွာက လူငယ် ၆ ယောက်နဲ့ ကွင်းသုံးဆင့်ကျေးရွာက လူငယ် ၆ ယောက်ကို စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး ဖမ်းခေါ်သွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “အဖမ်းခံရတဲ့ ကလေးတွေက ဘာတခုမှ ကြိုမသိရဘဲ ဖမ်းခေါ်ခံရတာပါ။ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ကာယကံရှင်တွေ မဲနှိုက်မခံရဘဲ လာဖမ်းတာ။ အားလုံး ၁၂ ယောက်ပါ၊ တနေ့တည်းဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ဖမ်းဆီးခေါ်ခံရတဲ့ လူငယ် ၁၂ ယောက်ဟာ အသက် ၁၇ နှစ်အရွယ် ၅ ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ၄ ယောက်၊ အသက် ၂၀ ကျော်အရွယ် ၃ ယောက်ဖြစ်ပြီး လာဖမ်းခေါ်တဲ့အချိန် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်ကောင်စီ ကျုံပျော် ခလရ ၃၆ နဲ့ ရေကြည် ၃၄၄ တပ်က ဖမ်းတာလို့ သိရတယ်။ လမ်းပြ အုပ်ကြီးတွေခေါ်ပြီး စစ်ကား ၃ စီးနဲ့ လူငယ်တွေကို ဖမ်းသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး စစ်မှုထမ်းအတွက်ဆိုကာ ဥပဒေမဲ့ အခုလို ညဘက်တွေမှာ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ အရပ်သားလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။