
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တောင်ခြမ်းက ချောင်းကြီးရွာကို ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၁ နာရီလောက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ပြည်သူ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “ရွာပေါ်ကနေ ၃ ပတ် ပတ်ဝဲပြီး ဗုံးသီးချသွားတာ။ ဘာအမျိုးအစားလဲတော့ ကျနော်တို့ မသိဘူး။ ပေါက်ကွဲပြီး ကျန်တဲ့အခွံကတော့ အကြီးကြီးပဲဗျ။ ချသွားတဲ့နေရာကတော့ ရေအေးတွင်းကျောင်းအနီးကို ချသွားတာ။ အလုပ်သမား ၇ ဦးထက်မနည်း ဒဏ်ရာရတယ်။ ဗုံးသီးကျ ပေါက်ကွဲရာနေရာက အိမ်တချို့လည်း ပျက်စီးတာတွေရှိတယ်” လို့ ပြောပါတယ်။
စစ်တပ် ဗုံးသီးချရာနေရာမှာ ရွှေတူးဖော်ရေးလုပ်ငန်းနဲ့ လုပ်ကွက်တွေရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီနေရာမှာတော့ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ပစ်တာက ဘာလို့ ပစ်တာလဲတော့ မသိဘူး။ တွင်းငယ်ဘက်တော့ တိုက်ပွဲဖြစ်တယ်လို့ အသံကြားတယ်။ ကျနော်တို့ဘက်ကတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ကို အခုလို လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ အသေအပျောက်မရှိလို့ ကံကောင်းတယ်လို့ ပြောရမယ်” လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ထက် စိုးမိုးနယ်မြေ ကျယ်ပြန့်ပြီး စစ်တပ်က ဖုန်းလိုင်းနဲ့ အက်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့လည်း သိရပါတယ်။