Home
မြန်မာသတင်း
စေတုတ္တရာ၌ စက်တပ်လေထီးဖြင့် ဗုံးကြဲသဖြင့် ကလေးများ အပါအဝင် ပြည်သူ ၈ ဦး သေဆုံး
DVB
·
February 24, 2025

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲကို ဖေဖော်ဝါရီ ၂၃ ရက် မနက်စောပိုင်းမှာ စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၈ ယောက် သေဆုံးကာ အနည်းဆုံး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့  ဒေသခံ ပအဖ အဖွဲ့ကနေ သိရပါတယ်။

စေတုတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “မုံညှင်းရွာနားမှာရှိတဲ့ မင်းလမ်း ယာတဲစုလေးကို စက်တပ်လေထီးနဲ့ ၂ ကြိမ် ဗုံးကြဲသွားတာပါ။ တောင်သူတွေက လယ်ယာလုပ်ငန်း လုပ်ရင်း ရွာထဲ မပြန်ကြတော့ဘဲနဲ့ ကိုယ့်လယ်ယာအစပ်တွေမှာ တဲလေးတွေ ထိုးပြီး လူတွေရော နွားတွေပါ နေကြရင်း တဲလေးတွေ များလာလို့ တဲစုလို့ ခေါ်ကြတာပါဗျာ” လို့ ပြောပါတယ်။

မင်းလမ်းယာတဲစုကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၃ ရက် မနက်စော ၃ နာရီကျော်မှာ စက်တပ်လေထီး (Paramotor) နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် တယောက်၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် တယောက်၊ အသက် ၁၉ နှစ်အရွယ် လူငယ် တယောက်၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တယောက်၊ အသက် ၃၀ အရွယ် အမျိုးသမီး တယောက်၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တယောက်၊ အသက် ၅၃ နှစ်အရွယ် အမျိုးသားတယောက်နဲ့ နောက်ထပ်အသက် ၅၃ နှစ်အရွယ် အမျိုးသမီး တယောက်တို့ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အသက် ၁၄ နှစ်အရွယ် ကလေးငယ် တယောက်၊ အသက် ၃၀ အရွယ် အမျိုးသား တယောက်၊ အသက် ၄၀ အရွယ် အမျိုးသမီး တယောက်၊ အသက် ၄၁ နှစ်အရွယ် အမျိုးသား တယောက်နဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသား တယောက်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လယ်ယာသုံးခိုင်းနွား ၂၄ ကောင်နဲ့ လူနေတဲစုအဆောက်အအုံ ၇ လုံးထက်မနည်း ပျက်စီးသွားပါတယ်။

စေတုတ္တရာမြို့နယ်အခြေစိုက် မင်းဘူးခရိုင်တပ်ရင်း ၃ ရဲ့ တပ်ရင်းမှူးက “မြေပြင်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အခု ဗုံးကြဲသွားတဲ့ စက်တပ်လေထီးတွေက စေတုတ္တရာ ကပစ ၂၀ ကနေ တက်လာတယ်လို့ ယူဆရပါတယ်။ ပြည်သူတွေ အိပ်မောကျနေချိန်ကို ရွေးပြီး တမင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စေတုတ္တရာမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေကို အမြန်ဆုံး ပြုလုပ်ဆောင်ရွက်ထားကြဖို့လည်း ဒေသခံကာကွယ်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလဆန်းပိုင်းကစလို့ မကွေးတိုင်းအတွင်းက ပြည်သူတွေကို စက်တပ်လေထီး အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၀ ရက်ကလည်း စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်အစပ်မှာရှိတဲ့ ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈၀ ကျော် အဘိုးအို တယောက်နဲ့ အသက် ၇၀ အရွယ်လောက်ရှိတဲ့ အဘွားတယောက် သေဆုံးခဲ့ရသလို အမျိုးသမီး တယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013