Home
မြန်မာသတင်း
ငရုတ်ကောင်းတွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေး၊ မင်းကင်းတွင် တိုက်ပွဲဖြစ်
DVB
·
February 23, 2025

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တောင်ခြမ်းမှာ စစ်ကောင်စီ ပျူစောထီး ပူးပေါင်းတပ်တွေနဲ့  ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တနေကုန်နီးပါးတိုက်ပွဲဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့မှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေလို့ ဒေသခံတွေ ထွက်ပြေတိမ်းရှောင်နေရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ကစလို့ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့က တင်းချောင်း၊ ကျွေချိုင်၊ နံ့သာပု၊ သစ်ရောင်း၊ သဲဖြူစတဲ့ရွာတွေကို စစ်ကြောင်းထိုးပြီး လယ်ယာလုပ်ငန်းခွင်တွေဘက်ကို ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “သေနတ်တွေနဲ့ရမ်းသမ်းပစ်နေတာ၊ ဘာလုပ်ရဲမှာလဲ။ စစ်သားတွေ တော်တော်များတယ်။ AA တပ် ဝင်လာတယ်ဆိုပြီး တောနင်းပစ်ခတ်နေတာ၊ ဒီအတိုင်းဆို တိုက်ပွဲတွေဖြစ်လာလောက်တယ်။ ကြောက်နေတယ်၊ အခု အလုပ်ပစ်ထားပြီးရှောင်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် နေအိမ်တွေမှာရှိတဲ့ အမျိုးသားတိုင်းကို အခုရက်ပိုင်းထဲ ခရီးမသွားဖို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားတာကြောင့် အလုပ်တွေပါကောင်းကောင်း မလုပ်ရဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတယောက်က “ပုသိမ်အခြေစိုက်တပ်တွေက တပ်သားတွေ နယ်မြေ ရှင်းလင်းနေတာ။ လက်နက်ကိုင်အဖွဲ့တွေဝင်လာတယ်လို့ အုပ်ကြီးတွေရဲ့သတင်းပေးချက်အရ ရက်ဆက် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေတာလို့သိရတယ်” လို့ ပြောပါတယ်။

ငရုတ်ကောင်းမြို့က ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အပြင် မြို့ပေါ်ရပ်ကွက်နဲ့ မြို့အဝင်နေရာတွေမှာလည်း ညတိုင်းနီးပါး စစ်ကောင်စီတပ်နဲ့ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ဂွနဲ့ ငရုတ်ကောင်းကို ဆက်သွယ်ထားတဲ့ မကျီးဇင် တံတားနားမှာ စစ်ကောင်စီတပ်က စခန်းချခံစစ်ပြင်ဆင်ထားပြီး ပစ်ခတ်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တောင်ခြမ်း၊ သင်တောရွာနားမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းကစလို့ ညနေပိုင်းအထိ စစ်ကောင်စီပျူစောထီး ပူးပေါင်းတပ်တွေနဲ့  ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်တို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “စစ်တပ်ကနယ်ကျော်လာလို့ အခုလို တိုက်ပွဲဖြစ်ကြတာပေါ့။ တိုက်ပွဲက တနေကုန်နီးပါး နားလိုက် ပစ်လိုက်နဲ့ ဖြစ်နေကြတာ။ ညနေပိုင်းရောက်တော့ လေယာဉ် ၂ စီးနဲ့ လာပြီး ဗုံးကြဲပစ်ခတ်တာတွေ လုပ်သွားတယ်။ နှစ်ဖက် အထိခိုက်ကတော့ စစ်တပ်ဘက်က များလိမ့်မယ်။ အတိအကျတော့ ဘာမှမသိရဘူး။ ကျနော်တို့ကြားထားတာက ကာကွယ်ရေးစခန်းတခုကို စစ်တပ်က မီးရှို့တယ်လို့ကြားရတယ်။ မီးခိုးတွေလည်း အဝေးကနေမြင်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီပျူစောထီးပူးပေါင်းတပ်တွေဟာ တောင်ဖြူရွာ၊ ပန်းဆက်ရွာနဲ့ ကျောက်ခဲတက် ကျေးရွာတို့ကဖြစ်ပြီး မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်အစပ် သင်တောရွာနဲ့ ကျောက်ခဲတက်ရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

မင်းကင်းမြို့နယ်ပအဖ တာဝန်ရှိသူတယောက်က “တောင်ဖြူ၊ ပန်းဆက်၊ ကျောက်ခဲတက် အစရှိတဲ့ ပျူအင်အား ၁၀၀ ကျော်နဲ့ သင်တော၊ ညောင်ပင်သာ၊ အနောက်တောရွာဘက်ကို စစ်ကြောင်းထိုး ခဲ့ကြလို့ တိုက်ပွဲစဖြစ်ကြတာပါ။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ပျူအသေ ၆ ယောက် ရတယ်။ နောက်ပြီး အလုံမြို့နယ်ကနေ တောင်ဖြူရွာ၊ ပန်းဆက်ရွာကို တာဝန်ကျစစ်သားတယောက် ကျနော်တို့ဘက်က carbine တလက်နဲ့ ကျည်ဆန်များနဲ့အတူ အရှင်ဖမ်းဆီးရခဲ့ပါတယ်။ ကျနော်တို့ဘက်က ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ကလေးခရိုင်တပ်ရင်း ၁၀၊ ၁၃၊ ၁၄ နဲ့ကလေးခရိုင် ပ.က.ဖ တပ်ခွဲ ၃၊ မင်းကင်း ပကဖတွေ၊ Local PDF တွေနဲ့ တခြားမြို့နယ်တွေက ကာကွယ်ရေးအဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013