
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အမောင်းသင်နေတဲ့စက်တပ်လေထီး ၁ စီးဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ သစ်ပင်နဲ့တိုက်မိလို့ ပျက်ကျပြီး အမောင်းသင်နေတဲ့ စစ်သားတွေ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဆိပ်ဖြူပြောက်ကျားတကိုယ်တော်ကျားဇိုး (LDF) အဖွဲ့ရဲ့ တာဝန်ခံ ကိုကျားဇိုး က “ကပစ ၂၂ ထဲကနေ အမောင်းသင်နေတဲ့ စက်တပ်လေထီး ၁ စီးက သစ်ပင်တိုက်မိပြီး ပျက်ကျတယ်။ အဲဒီပေါ်ပါလာတဲ့ စစ်သား ၂ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ ထဲကနေ စက်တပ်လေထီးတွေအသုံးပြုပြီး မကွေးတိုင်းအတွင်းက ဆိပ်ဖြူမြို့နယ်နဲ့ ပေါက်မြို့နယ်က ကျေးရွာတွေကို လိုက်လံဗုံးကြဲ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသူရိန် က “ကပစ ၂၂ ထဲကို အခုလဆန်းပိုင်းကတည်းက စက်တပ်လေထီးတွေ ရောက်လာတယ်လို့ သိရတာ။ အဲဒီနောက်ပိုင်း ကပစ ၂၂ ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်တာတွေတင်မကတော့ဘူး။ စက်တပ်လေထီးတွေနဲ့ပါ ရွာတွေကို ဗုံးကြဲနေတာ။ အိမ်တွေ မီးလောင်ပြီး ရွာတွေလုံးဝ ပျက်စီးသွားရတာတွေ ရှိခဲ့တယ်။ သူတို့ဘက်က လေကြောင်းတိုက်တာတွေ ထပ်တိုးလုပ်လာနိုင်တယ်။ အဲဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေနဲ့ ဗုံးဒဏ်ခံနိုင်မယ့် အကာအကွယ်တွေ အမြန်ဆုံး ပြုလုပ်ထားစေချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်ထဲက စိုင်ကောင်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ကပစ ၂၂ က တက်လာတဲ့ စက်တပ်လေထီးနဲ့ပါ ဗုံးကြဲချခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ ကနေ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းမှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိပ်ဖြူမြို့နယ်အတွင်း ကင်မွန်းတောင့်ကျေးရွာက ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၅ ယောက် နေရာမှာတင် သေဆုံးခဲ့သလို ပြည်သူ ၃ ယောက်လည်း အပြင်းအထန်ဒဏ်ရာတွေရရှိခဲ့ကြပါသေးတယ်။