
မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်တို့မှာ စစ်ကောင်စီစစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၇ ထက်မနည်း မီးလောင်ပျက်စီးသွားသလို ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
နတ်မောက် ပကဖ ရဲ့တာဝန်ခံ ကိုအဆိပ်သီး က “အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းက နတ်မောက်မြို့နယ်ထဲက ကုလားရှင်ရွာကို ဝင်ပြီးမီးရှို့တယ်။ အိမ် ၂ လုံး မီးလောင်ပျက်စီးတယ်။ ရွာသားတွေကိုလည်း သေနတ်နဲ့ပစ်ပြီးဖမ်းတာ ၃ ယောက် အဖမ်းခံရတယ်။ ၂ ယောက်တော့ ပြန်လွှတ်တယ်။ ၁ ယောက်ကတော့ ပြန်မလွှတ်သေးဘူး။ အဆက်အသွယ်ပြတ်နေတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ကုလားရှင်ကျေးရွာထဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဝင်ရောက်တပ်စွဲနေပြီး နောက်ရက်မှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ကုလားရှင်ရွာကနေ အရှေ့တောင်ဘက် ၆ မိုင်လောက်ဝေးတဲ့ မြို့သစ်မြို့နယ်ထဲကို ဆက်လက်စစ်ကြောင်းထိုးပြီး ပုလင်းကျေးရွာအတွင်း ဝင်ရောက်ကာ လူနေအိမ်တွေကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးလို့ လူနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားသလို ဒေသခံပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးတယ်လို့ သိရပါတယ်။
နတ်မောက်အခြေစိုက် ကြိုးကြာနီတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တယောက်က “ကုလားရှင်ကနေ ပုလင်းရွာကိုအကူးမှာ အဲဒီခွေးစစ်ကြောင်းကို မိုင်းဆွဲခဲ့ကြသေးတယ်။ အခုထိ ပုလင်းရွာထဲမှာ ခွေးစစ်ကြောင်းရှိနေသေးတော့ အဲဒီရွာရဲ့အခြေအနေနဲ့ သတင်းအတိအကျမသိရသေးဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း နတ်မောက်မြို့နယ်ထဲက ကျီးကန်မြောက်ကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျီးကန်ကျေးရွာနဲ့ ရုံးပင်ကွက်ကျေးရွာက တန်ဖိုးကြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူ သယ်ဆောင်သွားခဲ့ကြသေးတယ်လို့ နတ်မောက်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
Photo: နတ်မောက် ပကဖ